ဂိုးသမား ဒဏ်ရာရဟန်ဆောင်မှုအား ရပ်ဆိုင်းရေး စည်းမျဉ်းအပြောင်းအလဲ ပြုလုပ်ရန် ပရီးမီးယားလိဂ် ကြိုးပမ်းနေ
=====================

ပရီးမီးယားလိဂ်ဟာ ဂိုးသမားများ ဒဏ်ရာရဟန်ဆောင်ပြီး ဆေးကုသမှု ခံယူနေစဉ် ကစားဖော်များ နည်းပြရဲ့ ညွှန်ကြားမှု ရယူနေမှုအား ရပ်ဆိုင်းနိုင်ရေးအတွက် စည်းမျဉ်း အပြောင်းအလဲ ပြုလုပ်ရန် စဉ်းစားနေကြပါတယ်။
လိဒ်နည်းပြဒါနီရယ်ဖာကီဟာ စနေနေ့တုန်းက မန်စီးတီးအား ၃-၂ ဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်တွင် မန်စီးတီးဂိုးသမားဒွန်နာရမ်မာမှာ ဒဏ်ရဟန်ဆောင်ပြီး နည်းပြဂွါဒီယိုလာအား ကစားသမားများကို နည်းဗျူဟာသစ် ညွှန်ကြားပို့ချနိုင်အောင် ဘောလုံးစည်းမျဉ်းအား လက်တစ်လုံးခြားချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။
မန်စီးတီးတို့ ၂-၁ ဖြင့် ဦးဆောင်နေပေမယ့် လိဒ်ရဲ့ တိုက်စစ်ဒဏ်အား လူးလိမ့်ခံနေရချိန်တွင် ဒွန်နာရမ်မာ ဒဏ်ရာရရှိသွားပြီး ဆေးကုသမှု ခံယူချိန်တွင် မန်စီးတီးနည်းပြဂွါဒီယိုလာဟာ ကစားသမားများအား ခေါ်ပြီး နည်းဗျူဟာအသစ် ပို့ချညွှန်ကြားမှု ပြုလုပ်ပါတယ်။
ပုံမှန်အားဖြင့် ဂိုးသမားမှအပ ကျန်ကစားသမားများက ဒဏ်ရာရဟန်ဆောင်ပြီး အချိန်ဆွဲလေ့ရှိကြပါတယ်။ ဒါပေမယ့် ၂၀၂၃-၂၄ ရာသီမှ စတင်ကာ ဒဏ်ရာရရှိတဲ ကစားသမားအား ကွင်းပြင်တွင် စက္ကန့် ၃၀ နေစေတဲ့စနစ်ကို သုံးလာပါတယ်။
တဖက်တွင် ဂိုးသမားများမှာ ဆေးကုသမှုခံယူပြီးချိန်တွင်လည်း ကွင်းအတွင်းမှ ထွက်ခွာရခြင်း မရှိပါဘူး။
အောက်တိုဘာလကတည်းက International Football Association Board's Football နှင့် Technical Advisory Panels တို့အကြားတွင် စည်းမျဉ်း ၂ ခု ပြောင်းလဲရေးပြီး ဂိုးသမား ဒဏ်ရာရဟန်ဆောင်ကာ အချိန်ဆွဲမှု တိုက်ဖျက်ရေး ဆွေးနွေးလာခဲ့ကြပါတယ်။
တစ်ခုမှာ ဂိုးသမား ဒဏ်ရာကြောင့် ဆေးကုသမှုခံယူပြီးပါက ယင်းအသင်းမှ ကစားသမားတစ်ဦးအား စက္ကန့် ၃၀ ကွင်းအပြင်သို့ ထွက်နေစေခြင်း ဖြစ်ပြီး ကျန်တစ်ခုမှာ ဂိုးသမား ဆေးကုသမှုခံယူနေစဉ်အတွင်း ကစားသမားများ ကွင်းဘေးစည်းသို့ သွားရောက်ခင့် မပြုခြင်းတို့ ဖြစ်ပါတယ်။
IFAB ဟာ လာမယ့် ဇန်နဝါရီလ ၂၀ ရက်နေ့တွင်လည်း ယင်းစည်းမျဉ်းနှင့်ပတ်သက်ပြီး ထပ်မံ ဆွေးနွေးမှုများ ပြုလုပ်လာပါဦးမယ်။ လက်ရှိအနေအထားအရ ဂိုးသမား ဆေးကုသမှု ခံယူပြီးချိန်တွင် ကစားသမားတစ်ဦးအား ကွင်းအပြင်သို့ စက္ကန့် ၃၀ ထွက်ခွာစေတဲ့ စနစ်အား အသုံးပြုရေး အလေးသာနေကြောင်း သိရပါတယ်။

image