နည်းပြအထုတ်ခံရကာ ကင်မရွန်းရဲ့ အာဖရိကဖလားပြိုင်ပွဲလူစာရင်းတွင် အိုနာနာ ချန်လှပ်ခြင်းခံရ
=====================
ကင်မရွန်းနည်းပြမာ့ခ်ဘရိုင်မှာ ပရိယာယ်သုံးမှုများအတွက် ထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက် အင်ဒရေအိုနာနာမှာ ကင်မရွန်းရဲ့ အာဖရိကဖလားပြိုင်ပွဲအတွက် လူစာရင်းတွင် ချန်လှပ်ခြင်းခံလာရပါတယ်။
ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ဥက္ကဌအဖြစ် ဆင်မြူရယ်အီတိုး ရွေးချယ်ခြင်းခံရပြီးနောက် သူ့ရဲ့အမှုဆောင်အဖွဲ့ဟာ ဘရိုင်ကို ထုတ်ပယ်လိုက်ကြောင်း ကြေညာလာပါတယ်။
ဒါ့အပြင် အီတိုးနှင့် အမှုဆောင်အဖွဲ့တို့က ဘရိုင်မှာ ကစားသမားများအား ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ကို ဆန့်ကျင်အောင် လုပ်ဆောင်တယ်ဆိုပြီး စွပ်စွဲခဲ့သလို ပရော်ဖက်ရှင်နယ်အဆင့်တွင်တွင် ကျဆင်းခဲ့ကြောင်း အပြစ်တင်ဝေဖန်မှုများစွာ ပြုလုပ်ခဲ့ပါတယ်။
ဘယ်လ်ဂျီယံလူမျိုးနည်းပြကို ၂၀၂၄ ခုနှစ် ဧပြီလတုန်းက ကင်မရွန်းအားကစားဝန်ကြီးဌာနက ခန့်အပ်ခဲ့တာ ဖြစ်ပြီး အီတိုးက ဘောလုံးအဖွဲ့ချုပ်က ခန့်အပ်ခြင်းမဟုတ်တဲ့အတွက် ထုတ်ပယ်ရန် ကြိုးပမ်းခဲ့ဖူးပါတယ်။
ဒါ့အပြင် အီတိုးက ဘရိုင်မှာ အစည်းအဝေးသို့ တက်ရောက်ရန် ပျက်ကွက်ခြင်း၊ လေ့ကျင့်ရေးအစီအစဉ်များကို ပြောဆိုရန် ငြင်းဆိုခြင်း၊ စပွန်ဆာများနှင့် ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်ရန် ငြင်းဆိုခြင်း၊ ကစားသမားစာရင်းကို အချိန်မီ မထုတ်ပြန်ခြင်း၊ သတင်းစာရှင်းလင်းပွဲများပြုလုပ်ပြီး ပရော်ဖက်ရှင်ဝတ္တရားများကို ရှောင်ရှားရန် ပရိယာဉ်အသုံးပြုခြင်းတို့ ပြုလုပ်တယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။
အီတိုးဦးဆောင်တဲ့ ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ဟာ ဘရိုင်ကို ထုတ်ပယ်ပြီးနောက် လက်ထောက်နည်းပြများထဲမှ တစ်ဦးဖြစ်တဲ့ ဒေးဗစ်ပါဂူးကို ခန့်အပ်ခဲ့ပါတယ်။ ပါဂူးမှာ ကင်မရွန်းနိုင်ငံရှိ ထိပ်တန်းကလပ်များကို ကိုင်တွယ်ဖူးတဲ့ အတွေ့အကြုံကောင်း ရှိသူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ပါဂူးဟာ အာဖရိကဖလားပြိုင်ပွဲအတွက် ကင်မရွန်းလူစာရင်းအား ထုတ်ပြန်ရာတွင် အိုနာနာအပါအဝင် အရေးပါတဲ့ ကစားသမားအချို့တို့အား ချန်လှပ်ထားခဲ့ပါတယ်။
ပါဂူးဟာ အိုနာနာအပြင် အသင်းခေါင်းဆောင်ဗင်းဆင့်အဘူဘာကာ၊ နာပိုလီအလယ်တန်းကစားသမားအင်ဒရေဖရန့်ဇမ်ဘိုအန်ဂူဆာ၊ နောက်ခံလူမိုက်ကယ်အန်ဂါဒူတို့အား ချန်လှပ်ခဲ့ပါတယ်။
အန်ဂူဆာမှာ ဒဏ်ရာရရှိနေတာ ဖြစ်ပေမယ့်လည်း အခြားကစားသမားများကို ဘာကြောင့် ချန်လှပ်တယ်တာ အကြောင်းပြချက် ပေးမသွားပါဘူး။
အိုနာနာဟာ ကင်မရွန်းအတွက် ၅၉ ပွဲကစားထားသူ ဖြစ်ပြီး ယူနိုက်တက်တွင် ကစားစဉ်တုန်းက အကောင်းဆုံးပုံစံ မရရှိမှုကြောင့် ဝေဖန်မှုများ ကြုံခဲ့ရပေမယ့်လည်း ထရက်ဇွန်စပေါ်တွင် အငှားဖြင့် ကစားနေစဉ်အတွင်း အကောင်းဆုံးပုံစံပြန်ရနေသူ ဖြစ်ပါတယ်။
ကင်မရွန်းဟာ အာဖရိကဖလားပြိုင်ပွဲ အုပ်စု(F) တွင် အိုင်ဗရီကို့စ်၊ အူဘာမီယန်ရဲ့ ဂါဘွန်၊ မိုဇမ်ဘစ်တို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပါတယ်။