ယူကရိန်းကို စစ်ရေးအကူအညီ ယူရို ၁၁ ဘီလီယံခွဲ ဂျာမန် ပေးမည်
-----------------------
၂၀၂၆ ခုနှစ်အတွက် စစ်ရေးအကူအညီအဖြစ် ယူရို သန်း တစ်သောင်းတစ်ထောင့်ငါးရာ (၁၁.၅ ဘီလီယံ)ပေးဖို့ ဂျာမနီအစိုးရရဲ့ အဆိုပြုချက်ကို ဂျာမန်လွှတ်တော်က အတည်ပြုဆုံးဖြတ်လိုက်တဲ့အတွက် ကျေးဇူးတင်ရှိကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီး ဒန်းနစ် ရှမီဟာ က ပြောဆိုလိုက်တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။
ယူကရိန်းအတွက် လက်နက်ကြီးကျည်တွေ ဒရုန်းတွေအပါအဝင် စစ်ဘက် ဆိုင်ရာပစ္စည်းမျိုးစုံအတွက် ဂျာမနီရဲ့ အခု အကူအညီဟာ ရုရှားရဲ့ ကျူးကျော်စစ်ကာလတစ်လျှောက် စံချိန်တင် ကူညီမှုဖြစ်သလို အလိုအပ်ဆုံးအချိန်မှာ ကူညီတဲ့အတွက် ယူကရိန်းပြည်သူတွေနဲ့ ယူကရိန်းတပ်ဖွဲ့တွေကိုယ်စား အထူးကျေးဇူးတင်တယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးက သူ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
နိုဝင်ဘ ၂၈ ရက်က ကျင်းပခဲ့တဲ့ ဂျာမန်အောက်လွှတ်တော်မှာ ၂၀၂၆ ခုနှစ် ဘတ်ဂျက်အတွက် အစိုးရက တင်သွင်း တဲ့ ယူရို ၅၂၄ ဒသမ ၅ ဘီလီယံကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ အတည်ပြုဘတ်ဂျက်အရ ဂျာမန်ကာကွယ်ရေး အတွက် ယူရို ၁၀၈ ဘီလီယံ အသုံးပြုမှာဖြစ်ပြီး ယူကရိန်းကို ယူရို ၁၁ ဘီလီယံခွဲ ကူညီမှာ ဖြစ်ပါတယ်။