အာကာသနည်းပညာ တိုးတက်လာရန် ဆောင်ရွက်နေဟု ယာယီသမ္မတ ပြော
---------------------------------------------

မိမိတို့ နိုင်ငံမှာ အာကာသ နည်းပညာတွေ ခေတ်နဲ့အညီ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ရည်မှန်းချက်ထား ပြီး ဆောင်ရွက်နေတယ်လို့ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
နိုဝင်ဘာ ၃၀ ရက်၊ မနက်ပိုင်းက ရန်ကုန်မြို့ ၊ ပြည်သူ့ရင်ပြင်ရှိ အာကာသပြတိုက် (ရန်ကုန်) ဖွင့်ပွဲအခမ်းအနား ကို တက်ရောက်ဖွင့်လှစ်ပေးစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလိုပြောကြားခဲ့တာပါ။
အာကာသပြတိုက် (ရန်ကုန်) ကိုတော့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ သိပ္ပံ နှင့် နည်း ပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ Myanmar Space Agency အမှုဆောင် အရာ ရှိချုပ် ဒေါက်တာ စိုးမြင့်မောင် နဲ့ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါတယ်။
အဲဒီနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ နဲ့ အခမ်းအနား တက်ရောက်လာကြသူတွေက ပြတိုက်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ပြတိုက် ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်တွေနဲ့ ပက်ဖျန်းပေးခဲ့ပါတယ်။
အဲဒီနောက်မှာတော့ နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားရာမှာ ဒီနေ့ အာကာသပြတိုက် (ရန်ကုန်) ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်တဲ့အတွက် မိမိတို့ နိုင်ငံမှာ ရှိတဲ့ ကျောင်းသား/ကျောင်းသူ၊ မျိုးဆက်သစ် လူငယ်တွေအနေနဲ့ စာအုပ်တွေမှာ ဖတ်ခဲ့ ရတဲ့ ရုပ်သံတွေမှာ မြင်တွေ့ခဲ့ရတဲ့ အာကာသတွင်း စေလွှတ်မဲ့ ဒုံးပျံတွေ၊ အာကာသမှာ လှည့်ပတ်သွားလာမဲ့ ဂြိုဟ်တုတွေ၊ အာကာသတွင်း စူးစမ်းလေ့လာမဲ့ အာကာသ ယာဉ် နဲ့ ယာဉ်မှူးတွေ ၊ ဂြိုဟ်တွေ၊ နက္ခတ်တာရာ တွေ အစရှိတဲ့ အာကာသဆိုင်ရာ ဗဟုသုတတွေ အကြောင်းအရာတွေကို ပြတိုက်အတွင်း တစ်စုတစ်စည်း တည်း စူးစမ်းလေ့လာခွင့် ရနိုင်တော့မှာ ဖြစ်တယ်လို့ ပြောပါတယ်။
အာကာသပြတိုက်ကို နိုင်ငံရဲ့ အနာဂတ် မျိုးဆက်သစ် လူငယ်တွေရဲ့ အာကာသ နဲ့ သိပ္ပံဆိုင်ရာ စိတ်ကူးစိတ် သန်းတွေကို နိုးကြားစေပြီး သင်ကြားနေတဲ့ ကျောင်းသင်ခန်းစာတွေကို ကျော်လွန်ကာ အာကာသ နဲ့ သိပ္ပံဆိုင် ရာ အိပ်မက်အသစ်တွေကို မွေးဖွားပေးမဲ့ နေရာတစ်ခုဖြစ်လာစေရေး ရည်ရွယ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။
အာကာသပြတိုက်ကနေ ရရှိလာတဲ့ အာကာသနည်းပညာဆိုင်ရာ စိတ်ကူးစိတ်သန်းတွေ နဲ့ လှုံ့ဆော်မှုတွေ ကြောင့် မြန်မာနိုင်ငံရဲ့ ခေတ်မီ ဖွံ့ဖြိုးတိုးတက်မှုကို အကျိုးပြုနိုင်မဲ့ အနာဂတ်ရဲ့ အာကာသယာဉ်မှူးတွေ၊ သိပ္ပံ ပညာရှင်တွေ၊ အင်ဂျင်နီယာတွေ နဲ့ ကဏ္ဍအလိုက် ပညာရှင်တွေလည်း ပေါ်ထွက်လာမယ်လို့ ယုံကြည်တယ် လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
မြန်မာနိုင်ငံ အစိုးရ နဲ့ ဂျပန်နိုင်ငံအစိုးရတို့ ၁၉၈၇ ခုနှစ်က ပူးပေါင်းတည်ဆောက်ခဲ့တဲ့ နက္ခတ်တာရာပြခန်းကို အခုလို အာကာသပြတိုက်အဖြစ် အဆင့်မြှင့်တင် တည်ဆောက်ပြုပြင်ခဲ့တာ ဖြစ်ပြီး အရင် အသုံးပြုခဲ့တဲ့ စက် ပစ္စည်း Analog Projection System တွေ နေရာမှာ ခေတ်မီ စက်ပစ္စည်းတွေဖြစ်တဲ့ Digital Projection System တွေနဲ့ အစားထိုး လဲလှယ်တာ၊ အာကာသ နဲ့ နက္ခတ်တာရာဆိုင်ရာ ပြခန်းတွေ၊ အာကာသစခန်းတွေ နဲ့ တခြားအာကာသ နည်းပညာဆိုင်ရာ ပြခန်းတွေ အစရှိတဲ့ စိတ်ဝင်စားဖွယ် ပြခန်းနေရာတွေကို ထပ်မံထည့် သွင်း ပြသတာတွေ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံတော် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် အခုလို အလွန်အရေးပါတဲ့ အာကာသသိပ္ပံ နဲ့ နည်းပညာရပ် တွေမှာ နိုင်ငံတကာနဲ့ ယှဉ်ပြီး ရင်ပေါင်တန်းနိုင်ဖို့၊ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်ပြီး အကျိုးရှိစွာ အသုံးချနိုင် ဖို့အတွက် မျိုးဆက်သစ်လူငယ်လူရွယ်တွေကို ပြုစုပျိုးထောင် လေ့ကျင့်သင်ကြားပေးရမှာ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

image