ရန်ကုန်မှာရှိတဲ့ ဖင်လန်နိုင်ငံသံရုံးကို ၂၀၂၆ ခုနှစ်မှာ ပိတ်သိမ်းမယ်
ရန်ကုန်မြို့မှာရှိတဲ့ ဖင်လန်နိုင်ငံသံရုံးကို လာမယ့် ၂၀၂၆ ခုနှစ်ကစပြီး အပြီး ပိတ်သိမ်းသွားမှာ ဖြစ်တယ်လို့ ဖင်လန် နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံအပြင် ပါကစ္စတန်၊ အာဖဂန်နစ္စတန် နိုင်ငံတို့မှာ ဖွင့်လှစ်ထားတဲ့ သံရုံးတွေကိုပါ ပိတ်သိမ်းသွားမှာဖြစ်ပြီး အကြောင်းရင်းကတော့ အဲဒီ သုံးနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ ပြောင်းလဲမှုတွေကြောင့် ဖြစ်တဲ့အပြင် ဖင်လန်နိုင်ငံနဲ့ အကန့်အသတ်ရှိတဲ့ စီးပွား ဆက်ဆံရေးတွေကြောင့် ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ သံရုံးနဲ့ နီးစပ်သူတယောက်က “ဒီသံရုံးက ဗီဇာ၊ နေထိုင်ခွင့်တွေ မထုတ်ပေးပါဘူး။ ပိတ်လည်း ဖင်လန်ကို လာရောက်ဖို့ ပြင်ဆင်နေတဲ့ မြန်မာတွေအတွက် အကျိုးသက်ရောက်မှု မရှိပါဘူး။ Finland, EU နေထိုင်ခွင့်တွေကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဖင်လန်သံရုံးက ကိုင်တွယ်ပေးနေတာ ဆယ်စုနှစ် ရှိနေပါပြီ” လို့ ပြောပါတယ်။
ဖင်လန်သံရုံးဟာ သံရုံးအဆင့်အထိ ဖွင့်လှစ်ထားတာကြောင့် ဗီဇာထုတ်ပေးဖို့ အဆင့်အထိ ရှိကောင်းရှိနိုင်တဲ့ သံရုံးဖြစ်ပေမယ့် ဗီဇာထုတ်ပေးတဲ့ အဆင့်ထိ မရောက်ခဲ့ဘဲ လက်ရှိ ဖင်လန်နိုင်ငံ အလည်အပတ် ဗီဇာတွေကို ရန်ကုန်မြို့ရှိ၊ ဂျာမဏီသံရုံးက ဖင်လန်နိုင်ငံကိုယ်စား ထုတ်ပေးနေတာဖြစ်တယ်လို့ သူက ပြောပါတယ်။
ဖင်လန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အခုလို သံရုံးတွေ ပိတ်သိမ်းရတာဟာ ဝန်ကြီးဌာနရဲ့ ပြည်ပမစ်ရှင်ကွန်ရက်ကို ပြင်ဆင် ဖွဲ့စည်းတာကနေ ဖြစ်ပေါ်လာခဲ့တာဖြစ်ပြီး ဖင်လန်အတွက် မဟာဗျူဟာအရ အရေးပါတဲ့ နိုင်ငံတွေမှာ အရင်းအမြစ်တွေကို စုစည်းဖို့ဖြစ်ကာ သမ္မတရဲ့အမိန့်နဲ့ ပိတ်သိမ်းတာဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ဖင်လန်နိုင်ငံရဲ့ နိုင်ငံခြားရေးနဲ့ လုံခြုံရေး မူဝါဒဆိုင်ရာ အကျိုးစီးပွားတွေနဲ့ ပို့ကုန်မြှင့်တင်ရေး လုပ်ငန်းတွေရဲ့ လိုအပ်ချက်တွေကို မဟာဗျူဟာကျကျ ထည့်သွင်း စဉ်းစားထားတဲ့ သုံးသပ်ချက်တွေကြောင့်လည်း ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံနဲ့ ဖင်လန်နိုင်ငံဟာ လွန်ခဲ့တဲ့ ၁၉၅၄ ခုနှစ်က စတင်ပြီး နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ သက်တမ်း ၇၁ နှစ် ရှိနေပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ စီးပွားရေး၊ လူမှုရေး လုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ ဖင်လန်နိုင်ငံက သံရုံးအဆင့်နဲ့ ရောက်ရှိခဲ့တာဖြစ်ပြီး အဲဒီ သံရုံးနဲ့အတူ ဖင်လန်ကုမ္ပဏီ အမြောက်အများလည်း မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဖွံ့ဖြိုးရေး လှူဒါန်းမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ဖင်လန်နိုင်ငံဟာ မြန်မာနိုင်ငံရှိ ကလေးတွေ ကျောင်းတက်ခွင့် ရရှိရေးအပြင် အသက်မွေးဝမ်းကျောင်း ဘဝရပ်မှုဆိုင်ရာ လုပ်ငန်းတွေမှာလည်း ပံ့ပိုးပေးခဲ့တဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး အခုလို သံရုံးပိတ်သိမ်းရမယ့် အခြေအနေဟာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို ဆုတ်ယုတ်စေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
ဖင်လန်နိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ယူရို သန်း ၁၀၀၀ တန်ဖိုးရှိတဲ့ ဖွံ့ဖြိုးရေး လှူဒါန်းမှုတွေကို ရပ်တန့်မယ်လို့ အသိပေးတဲ့ နိုင်ငံတွေမှာ မြန်မာ၊ အာဖဂန်နစ္စတန်၊ ကင်ညာနဲ့ မိုဇမ်ဘစ်တို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။