အရှေ့တောင်အာရှ ရေဘေး သေဆုံးသူ ၉၀၀ ကျော်ရှိလာပြီး သီရိလင်္ကာမှာ နိုင်ငံအရေးပေါ်အခြေအနေ ကြေညာ

အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ မလေးရှားနဲ့ ဖိလစ်ပိုင်တို့မှာ ဖြစ်ပွားနေတဲ့ ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူ ၉၀၀ ကျော်အထိ မြင့်တက်လာနေပါတယ်။
သီရိလင်္ကာနိုင်ငံမှာတော့ နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် သေဆုံးသူဦးရေဟာ ၃၃၀ ကျော်ရှိလာပြီးနောက် နိုင်ငံအရေးပေါ်အခြေအနေ ကြေညာထားပါတယ်။
လက်ရှိအချိန်ထိ လူ ၂၀၀ ကျော် ပျောက်ဆုံးနေပြီး အိမ်ခြေ နှစ်သောင်းခန့် ပျက်စီးသွားကာ လူ တသိန်းကျော်ကို ယာယီခိုလှုံရာနေရာတွေ ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဌာနက သတင်းထုတ်ပြန်ပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း ဒစ်ဝါ တိုက်ခတ်ပြီးနောက် နိုင်ငံရဲ့ သုံးပုံတပုံခန့်ဟာ လျှပ်စစ်မီး သို့မဟုတ် ရေပေးဝေမှု မရရှိကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါဟာ နိုင်ငံသမိုင်းမှာ အခက်ခဲဆုံး သဘာဝဘေးအန္တရာယ် ဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုမှာ အလွန်ဆိုးရွားတာကြောင့် ပြန်လည်တည်ဆောက်ရေးအတွက် ခန့်မှန်းချက်မှာ မယုံနိုင်လောက်အောင် များပြားကြောင်း သမ္မတ အနူရာ ကုမာရ ဒစ်ဆာနာယာကီက ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာတော့ ရေကြီးရေလျှံမှုတွေဖြစ်ပွားပြီးနောက် ပျောက်ဆုံးနေသူ ၄၀၀ ကျော်ကို ကယ်ဆယ်ရေးသမားတွေက ဆက်လက်ရှာဖွေနေပြီး အများစုမှာ မြေပြိုမှုတွေအောက်မှာ နစ်မြုပ်နေဖွယ်ရှိတယ် ယုံကြည်ရပါတယ်။
မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တပတ်နီးပါးအကြာမှာတော့ ဆူမားတြားကျွန်းမှာ သေဆုံးသူဦးရေဟာ ၄၄၀ ကျော်အထိ မြင့်တက်လာကြောင်း အင်ဒိုနီးရှား အစိုးရက ပြောပါတယ်။
အကူအညီတွေကို လေကြောင်းနဲ့ ရေကြောင်းမှတဆင့် ထိခိုက်ခံရတဲ့ ဒေသတွေကို ပေူပို့ခဲ့ပေမယ့် ကျေးရွာအချို့မှာတော့ ထောက်ပံ့ကူညီရေးများ မရရှိသေးဘဲ အသက်ရှင်ဖို့ အစားအစာနှင့် ရေကို အရေးပေါ်လိုအပ်နေပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်းမှာတော့ ရေကြီးရေလျှံမှုတွေအတွင်း သေဆုံးသူ ၁၇၀ ကျော်အထိရှိလာပြီး ဆောင်ခလာပြည်နယ်မှာ ၁၃၁ ယောက်ထိ သေဆုံးခဲ့ပါတယ်။ ရေဘေးကြောင့် လူ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး မလေးရှားနဲ့ ဖိလစ်ပိုင်တို့မှာလည်း ရေဘေးကြောင့် လူသေဆုံးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

image