တစ်ပတ်အတွင်း ၃ ပွဲ ရှုံးနိမ့်ပြီးနောက် ဗီကာရီယိုအား လှောင်ပြောင်တဲ့ စပါးစ်ပရိသတ်များကို သောမတ်စ်ဖရန့် ဝေဖန်လာ
=====================

စပါးစ်နည်းပြသောမတ်စ်ဖရန့်က ဂိုးသမားဂူဂလီမိုဗီကာရီယိုအား လှောင်ပြောင်တဲ့ ပရိသတ်များမှာ စစ်မှန်တဲ့ စပါးစ်ပရိသတ်များ မဟုတ်ကြောင်း ပြောကြားလာပါတယ်။
စပါးစ်ဟာ မနေ့ညတုန်းက ဖူလ်ဟမ်နှင့်ပွဲစဉ်တွင် ပွဲအစ ၆ မိနစ်အတွင်းမှာပင် ၂ ဂိုးပေးခဲ့ရကာ ၂-၁ ဖြင့် အရေးနိမ့်ခဲ့ပြီး ၂၀၂၅ ခုနှစ်အတွင်း ၁၀ ပွဲမြောက် ပရီးမီးယားလိဂ်အိမ်ကွင်းရှုံးပွဲ ကြုံတွေ့လာပါတယ်။
ဖူလ်ဟမ်ဟာ ဒုတိယဂိုးအား ပင်နယ်တီဧရိယာပြင်ပတွင် ဗီကာရီယို ဘောလုံးဆုံးရှုံးရာမှာ ရရှိသွားတာလည်း ဖြစ်ပါတယ်။
ဗီကာရီယိုဟာ အဝေးကန်တင်ဘောအတွက် ပင်နယ်တီဧရိယာအပြင်သို့ ထွက်ခဲ့ပြီး ဘောလုံးကို ရှင်းထုတ်ခဲ့ပေမယ့် ယင်းဘောလုံးကို ဂျို့စ်ကိန်းက ရရှိသွားပါတယ်။ ဂျို့စ်ကိန်းရဲ့ ပေးပို့မှုကနေ ဝီလ်ဆင်က ၃၆.၆ မီတာအကွာမှ ဝေ့ဝိုက်ကာ သွင်းယူသွားခဲ့ပါတယ်။
ယင်းနောက် ခေတ္တအကြာတွင် ဗီကာရီယို ဘောလုံး ရရှိလာချိန်တွင် စပါးစ်ပရိသတ်တို့ လှောင်ပြောင်မှု ပြုလုပ်ခဲ့ကြပါတယ်။
ပထမပိုင်းအပြီး ကွင်းအတွင်းမှ ထွက်ခွာချိန်နှင့် ပွဲပြီးဆုံးချိန်တွင်လည်း စပါးစ်ပရိသတ်တို့ လှောင်ပြောင်ခဲ့ကြပါတယ်။
သောမတ်စ်ဖရန့်က "ဒီမတော်တဆမှုကြောင့် ပရိသတ်အချို့ လှောင်ပြောင်ကြတာ ကြားပါတယ်။ ကျွန်တော့်အမြင်ပြောရရင် ဒါက လက်မခံနိုင်စရာပါ။ ကျွန်တော်တို့ တစ်ဦးကို တစ်ဦးအားပေးနေကြတာပါ။ ရှေ့ဆက်ဖို့ တစ်ယောက်နောက်မှာ တစ်ယောက်ရှိနေကြတာပါ"လို့ ပြောကြားသွားပါတယ်။
အီတလီလက်ရွေးစင်ဂိုးသမားဟာ စပါးစ်တွင် တတိယမြောက်ရာသီကစားနေတာလည်း ဖြစ်ပါတယ်။
ပွဲအပြီးတွင် အသက် ၂၉ နှစ်ရှိ ဂိုးသမားက သူ့အပေါ် ဝေဖန်မှုများအား လက်ခံကြောင်း ပြောကြားလာပါတယ်။
၎င်းက "ဒုတိယဂိုးက ကျွန်တော့်အမှားကြောင့်ပါ။ ဒီအတွက် တာဝန်ယူပါတယ်။ ကန်တင်ဘောကို ရှင်းဖို့ ထွက်ခဲ့တာ။ ဒါပေမယ့် ဘောလုံးထိချက်မှားသွားတယ်။ တက်ဖို့ ခက်တဲ့ တောင်ဖြစ်သွားတယ်"လို့ ပြောကြားသွားပါတယ်။
ဗီကာရီယိုရဲ့ အမှားမှ တဆင့် ဂိုးသွင်းခဲ့တဲ့ ဝီလ်ဆင်ရဲ့ဂိုးက ယခုရာသီ ပရီးမီးယားလိဂ်တွင် ဒုတိယအဝေးကွာဆုံးမှ သွင်းယူတဲ့ ဂိုးဖြစ်လာပါတယ်။ ယခုရာသီ ပရီးမီးယားလိဂ်တွင် အကွာအဝေးအများဆုံးသွင်းယူတဲ့ဂိုးအဖြစ် စနေနေ့က ဆန်းဒါးလန်းနဲ့ပွဲတွင် တေလာအဒမ်က ၄၃.၃ မီတာအကွာမှ ဘုန်းမောက်အတွက် သွင်းယူခဲ့ပါတယ်။

image