ဆိုင်ကလုန်းမုန်တိုင်းကြောင့် သီရိလင်္ကာတွင် ၅၆ ဦး သေဆုံးပြီး ၂၁ ဦး ပျောက်ဆုံးနေ
ယနေ့နံနက်တွင် သီရိလင်္ကာနိုင်ငံအား ဖြတ်ကျော်သွားသော ဆိုင်ကလုန်းမုန်တိုင်း ဒီဝါးကြောင့် လူပေါင်း ၅၆ ဦး သေဆုံးခဲ့ကာ ၂၁ ဦး ပျောက်ဆုံးနေကြောင်း အာဏာပိုင်များက ပြောကြားပြီး ၎င်းမုန်တိုင်းသည် ကျွန်းနိုင်ငံအား ဖြတ်ကျော်သွားမည့် ရှေ့လာမည့် ၁၂ နာရီ အတွင်း အင်အားပိုပြင်းလာနိုင်ကြောင်း ရာသီဥတုဌာနက သတိပေးထားသည်။
မုန်တိုင်းချဉ်းကပ်လာခဲ့ချိန် ပြီးခဲ့သည့် ၂၄ နာရီတွင် ၁၁ ဒသမ ၈ လက်မ အထိရှိသော မိုးများ သည်း ထန် စွာရွာသွန်းပြီး မြေပြိုမှုများကြောင့် သေဆုံးမှုအများအပြား ဖြစ်ပေါ်ခဲ့ကာ အဓိကအားဖြင့် နိုင်ငံ၏ အရှေ့ပိုင်းနှင့် အလယ်ပိုင်းတွင် သေဆုံးမှု နှင့် ထိခိုက်ပျက်စီးမှုများ ကြီးမားခဲ့သည်။
လူမှုမီဒီယာများတွင်တင်ထားသောဗီဒီယိုများ၌မြို့နယ်များတွင်ရေကြီးမှုကြောင့်အိမ်များအလုံးလိုက်ရေထဲမျောပါသွားသည်ကို မြင်တွေ့ရကြောင်း ဘီဘီစီသတင်းက ဖော်ပြသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူပေါင်း ၄၄၀၀၀ ခန့်အား စာသင်ကျောင်းများနှင့် အခြား အစိုးရ ကယ်ဆယ်ရေးစင်တာများသို့ ပြောင်းရွှေ့ပေးထားကြောင်း ဘေးအန္တရာယ်စီမံခန့်ခွဲရေးစင်တာ(DMC) က ထုတ်ပြန်ပြောကြားသည်။
နိုင်ငံတစ်ဝန်းရထားပြေးဆွဲမှုများကို ဆိုင်းငံ့ထားပြီး စာသင်ကျောင်းများကိုလည်း ပိတ်ထားသည်။ မိုးသည်းထန်မှုများ ဆက်လက်ဖြစ်ပေါ်နေသဖြင့် ကိုလံဘိုစတော့ရှယ်ယာဈေးကွက်ကိုလည်း နံနက်အစောမှာပင် ပြန်ပိတ်ခဲ့သည်။
နိုင်ငံအလယ်ပိုင်း လက်ဖက်စိုက်ပျိုးသော ဘာဒူလာခရိုင်တွင် ပြီးခဲ့သည့်ညက နေအိမ်များပေါ် မြေပြိုမှုဖြစ်ပွားခဲ့ပြီးနောက် ၂၁ ဦး သေဆုံးခဲ့ကြောင်း ဘေးအန္တရာယ်စီမံခန့်ခွဲရေးစင်တာ(DMC) က ပြောကြားသည်။
နိုင်ငံတစ်ဝန်း၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီရန် တပ်ဖွဲ့ဝင် ၂၀၅၀၀ ခန့်ကို ဖြန့်ကြက်ထား ကြောင်း သိရသည်။
မြစ်ရေများဆက်လက်မြင့်တက်နေသောကြောင့် မြေနိမ့်ဒေသများနှင့် မြစ်ချောင်းများအနီး နေထိုင်သူများ ကုန်းမြင့်ဒေသများသို့ ရွှေ့ပြောင်းနေကြရန် အာဏာပိုင်များက သတိပေးထားသည်။
ကီလာနီမြစ်ဝှမ်းဒေသ မြေနိမ့်ပိုင်းဧရိယာများအတွက် လာမည့် ၄၈ နာရီအတွင်း မြစ်ရေကြီးနိုင်ကြောင်း အနီရောင်အဆင့် သတိပေးချက်ထုတ်ပြန်ထားသည်ဟု ရေအရင်းအမြစ်စီမံခန့်ခွဲရေးဌာနက ပြောကြားသည်။
အန္တရာယ်ရှိသော ဒေသများတွင် မြို့တော်ကိုလံဘိုလည်း ပါဝင်ကြောင်း ဘီဘီစီသတင်းက ဖော်ပြသည်။
“အဆိုးဆုံးထိခိုက်ခဲ့တဲ့ ဒေသတွေမှာ ကျွန်တော်တို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ ဒါပေမယ့်လည်း မြေပြိုပြီး လမ်းတွေ ပိတ်နေတာကြောင့် အချို့ရွာတွေကို သွားရောက်ဖို့အလွန်ခက်ခဲပါတယ်။ လူတိုင်းဘေးကင်းအောင်တော့ အကောင်းဆုံးလုပ်ဆောင်နေပါတယ်” ဟု DMC မှ အရေးပေါ်လုပ် ငန်းများ ဒါရိုက်တာ ဗိုလ်မှူးကြီးဒါမာဝစ်ကရီမာက ရိုက်တာသတင်းဌာနကို ပြောကြားသည်။
အခြေအနေဆိုးလာပါက သီရိလင်္ကာအနေဖြင့် လေကြောင်းခရီးစဉ်များအား အိန္ဒိယနိုင်ငံတောင်ပိုင်းမှ ထရီဗန်ဒရမ် သို့မဟုတ် ကိုချင်လေဆိပ်များသို့ လမ်းကြောင်းပြောင်းပေးရဖွယ်ရှိကြောင်း ဆိပ်ကမ်းနှင့် အရပ်ဘက်လေကြောင်း ပျံသန်းရေးဝန်ကြီး အနူရာကာရူနာသီလာကီက ပြောကြားသည်။
နယူးဒေလီ၊ ဘန်ကောက်၊ ဒူဘိုင်း၊ မူစကတ် တို့မှ ပျံသန်းလာသော ခရီးစဉ်ခြောက်ခုကိုပင် ကိုလံဘို နိုင်ငံတကာ လေဆိပ်မှ လမ်းကြောင်းပြောင်းပေးခဲ့ရပြီဖြစ်ကြောင်း ဒေသခံမီဒီယာများက ဖော်ပြကြသည်။