လေဖိအားနည်းရပ်ဝန်း(၂)ကြိမ်၌ (၁)ကြိမ်မုန်တိုင်းဖြစ်နိုင်
-------------------------

လာမဲ့ဒီဇင်ဘာလအတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း(၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၁)ကြိမ်မှာ ပိုမိုအားကောင်းလာနိုင်ကာ မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ပါတယ်။
နိုဝင်ဘာ(၂၈)ရက် မနက်ပိုင်းမှာထုတ်ပြန်တဲ့ ဒီဇင်ဘာ လပတ်အတွက် မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းချက်မှာ အခုလို ပါရှိတာပါ။
ညအပူချိန်တွေအနေနဲ့လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ ဒီဇင်ဘာလ ပျမ်းမျှ အပူချိန်ရဲ့၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်နဲ့အထက် ပိုနိုင်ပြီး နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း‌ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာတော့ ဒီဇင်ဘာလ ပျမ်းမျှ အပူချိန် ခန့်သာ ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မြူထူတွေဆိုင်းနိုင်တဲ့အခြေအနေနဲ့ ပတ်သက်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ၁၆ ရက်ကနေ ၂၅ ရက်ခန့် မနက်ပိုင်းမှာ မြူထူတွေဆိုင်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အလားတူ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်း‌ဒေသကြီး၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ လည်း (၆)ရက်ကနေ(၁၅)ရက်ခန့် မနက်ပိုင်းမှာ မြူထူတွေဆိုင်းနိုင်တယ်လို့ အသိပေးထားပါတယ်။

image