မြန်မာအပါအဝင် ၁၉ နိုင်ငံမှ Green Card များကို ထရမ့် ပြန်စိစစ်မည်
--------------------------

အမေရိကန်သမ္မတ ထရမ့်အစိုးရအဖွဲ့ဟာ အမျိုးသားအစောင့်တပ်ဖွဲ့ ပစ်ခတ်ခံရပြီးနောက် လူဝင်မှု ကြီးကြပ်ရေးကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်စိစစ်တော့မှာဖြစ်ပြီး မြန်မာအပါအဝင် ၁၉ နိုင်ငံက Green Card လို့ ခေါ်တဲ့ အမြဲတမ်းနေထိုင်ခွင့် ရရှိထားသူတွေကို ပြန်လည်ဆန်းစစ်မှုတွေ လုပ်ဆောင်သွားမယ်လို့ Reuters သတင်းမှာဖော်ပြထားပါတယ်။
အရင် သမ္မတ ဂျိုးဘိုင်ဒန် လက်ထက်က အတည်ပြုပေးထားခဲ့တဲ့ ခိုလှုံခွင့်လျှောက်ခဲ့သူတွေနဲ့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၁၉ နိုင်ငံက ဝင်ရောက်လာသူတွေကို ထုတ်ပေးခဲ့တဲ့ အမြဲတမ်းနေထိုင်ခွင့်(Green Card)တွေကို ပြန်စိစစ်ဖို့ ထရမ့်က အမိန့်ပေးခဲ့တယ်လို့ ပြည်တွင်း လုံခြုံရေးဌာန အရာရှိတွေက နိုဝင်ဘာလ ၂၇ ရက်မှာ ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်နဲ့ မလှမ်းမကမ်းမှာ အမျိုးသားအစောင့်တပ်ဖွဲ့ဝင်နှစ်ဦးကို ပစ်ခတ်ခဲ့တဲ့ သံသယရှိသူဟာ အာဖဂန်နစ္စတန်ကနေ ၂၀၂၁ ခုနှစ်မှာ ပြန်လည်နေရာချထားရေး အစီအစဉ်အရ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာတာဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။
အဲဒီလို ပစ်ခတ်မှုဖြစ်ပွားပြီး နာရီပိုင်းအကြာမှာ အမေရိကန်နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးဌာန (USCIS)ကနေ အာဖဂန်နစ္စတန် နိုင်ငံသားတွေနဲ့ သက်ဆိုင်တဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တောင်းဆိုမှု အားလုံးကို ချက်ချင်း အကန့်အသတ်မရှိ ဆိုင်းငံ့လိုက်ကြောင်း ကြေညာခဲ့ပါတယ်။ အမျိုးသားအစောင့်တပ်ဖွဲ့တွေကို ပစ်ခတ်ခဲ့တဲ့ သံသယရှိသူ သေနတ်သမားဟာ ထရမ့်လက်ထက် အခုနှစ်ထဲမှာမှ ခိုလှုံခွင့်ရရှိထားသူဖြစ်ကြောင်း သိရပါတယ်။

image