ဘာစီလိုနာရဲ့ အရေးပါတဲ့ လာလီဂါနှင့် ချန်ပီယံလိဂ်ပွဲများကို ဖာမင်လိုပက်ဇ် လွဲချော်လာမည်
====================

ဘာစီလိုနာက အလယ်တန်းကစားသမားဖာမင်လိုပက်ဇ်မှာ ခြေသလုံးကြွက်သား ဒဏ်ရာကြောင့် နှစ်ပတ်ခန့်အနားယူရမည်ဖြစ်ကြောင်း အတည်ပြုလာပါတယ်။
ယခုရာသီတွင် ဟန်ဆီဖလစ်လက်အောက်တွင် အရေးပါတဲ့ အလယ်တန်းကစားသမားအဖြစ် ကစားနေတဲ့ ဖာမင်လိုပက်ဇ်ဟာ ဘာစီလိုနာရဲ့ အရေးပါတဲ့ လာလီဂါနှင့် ချန်ပီယံလိဂ်ပွဲစဉ်များကို လွဲချော်လာပါမယ်။
လိုပက်ဇ်ဟာ ကြာသပတေးနေ့ လေ့ကျင့်ခန်းအစီအစဉ်တွင် အသေးစားခြေသလုံးကြွက်သား ဒဏ်ရာရရှိလာတာ ဖြစ်ပါတယ်။
လိုပက်ဇ် ဒဏ်ရာရရှိလာချိန်တွင် ဘာစီလိုနာအတွက် သတင်းကောင်းကတော့ အလယ်တန်းကစားသမားရိုဒရီမှာ ပြန်လည် ကစားရန် အသင့် ဖြစ်နေပြီဆိုတဲ့သတင်း ဖြစ်ပါတယ်။
လိုပက်ဇ်ဟာ အလာဗက်စ်၊ အက်သလက်တီကို၊ ဘက်တစ်၊ ဖရန့်ဖတ်တို့နှင့် ပွဲစဉ်များကို လွဲချော်လာပါမယ်။ သူဟာ ကြံ့ခိုင်မှုအပေါ် မူတည်ပြီး ဒီဇင်ဘာလ ၁၃ ရက်နေ့ အိုဆာဆူနာနှင့်ပွဲတွင် ကစားနိုင်/မကစားနိုင် ကြည့်ရပါမယ်။
လိုပက်ဇ်ဟာ ယခုရာသီတွင် ဘာစီလိုနာအတွက် အကောင်းဆုံးကစားနေသူများထဲမှ တစ်ဦးဖြစ်ပြီး မကြာသေးမီတုန်းက ပွဲရာပြည့်ခဲ့သူလည်း ဖြစ်ပါတယ်။
ဖာမင်လိုပက်ဇ်ဟာ ခြေသလုံးကြွက်သားဒဏ်ရာမှာ ဘီလ်ဘာအိုအား ၄-၀ ဂိုးဖြင့် အနိုင်ရတဲ့ ပွဲစဉ်တုန်းက အနီကတ်ပြသခြင်းခံရစေခဲ့တဲ့ အိုနီဟန်ဆန်ဆက်ရဲ့ ဖျက်ထုတ်မှုကြောင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ သူဟာ ယင်းဒဏ်ရာကြောင့် မသက်မသာ ဖြစ်နေပေမယ့်လည်း ချဲလ်ဆီးနှင့်ပွဲတွင် ပါဝင်ကစားခဲ့ပြီး တစ်နာရီကျော်အကြာမှာ လူစားလဲလှယ်ခြင်းခံခဲ့ရပါတယ်။
ယင်းနောက် ကြာသပတေးနေ့မှာတော့ ဖာမင်လိုပက်ဇ်ရဲ့ ဒဏ်ရာက အဆိုးရွားဆုံး ဖြစ်လာခဲ့တာလည်း ဖြစ်ပါတယ်။
တဖက်တွင် ရိုဒရီ ပါဝင်ကစားလာနိုင်မှုနဲ့အတူ ဒါနီအိုလ်မိုမှာလည်း သူ့စိတ်ကြိုက်နေရာဖြစ်တဲ့ အလယ်တန်းတိုက်စစ်သမားနေရာသို့ ပြောင်းလဲ ကစားခွင့်ရလာတော့မှာလည်း ဖြစ်ပါတယ်။ ဟန်ဆီဖလစ်ဟာ လိုပက်ဇ် ဒဏ်ရာရရှိနေစဉ် ကွင်းလယ် ၃ ဦးနေရာမှာ ရိုဒရီ၊ အိုလ်မို၊ ဖရန်ကီဒီယွန်တို့ကို အသုံးပြုလာမှာလည်း ဖြစ်ပါတယ်။

image