စင်ကာပူနိုင်ငံ၌ ကျင်းပသည့် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေးသို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့တက်ရောက်
စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်သည့် (၂၆)ကြိမ်မြောက် အာဆီယံကြည်း တပ်ဦးစီးချုပ်များအစည်းအဝေး(26th ASEAN Chiefs of Army Multilateral Meeting-26th ACAMM)သို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကိုယ်စား ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဦးဆောင်သောမြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကြောင်း သိရသည်။
မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့(နိုဝင်ဘာ ၂၆ ရက်) နံနက်ပိုင်းတွင် စင်ကာပူနိုင်ငံရှိ Pan Pacific Hotel ၌ ကျင်းပသည့် (၂၆)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များအစည်းအဝေး(26th ACAMM) နှင့် (၁၃)ကြိမ်မြောက် အာဆီယံ လုပ်သက်ရင့်အရာခံဗိုလ်များ နှစ်ပတ်လည်အစည်း အဝေး (13rd ASMASM)တို့၏ ပူးတွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် စင်ကာပူကာကွယ်ရေးဝန်ကြီး ချန်ချွန်စင်း (Mr. Chan Chun Sing) က အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော အာဆီယံ ကြည်းတပ်ဦးစီးချုပ်များနှင့် ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များကအစည်းအဝေး ခေါင်းစဉ်ဖြစ်သော “ရာသီဥတုပြောင်းလဲမှု များနှင့်အတူ ပိုမိုထိရောက်သော HADR လုပ်ငန်းစဉ်များကြိုတင်ပြင်ဆင်ရေး (Climate Adaptation in HADR Operations)" နှင့်အညီ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကာ နေ့လယ်ပိုင်းတွင် အစည်းအဝေးပြီးဆုံးခဲ့ကြောင်း သိရသည်။
ထို့နောက် (၂၆)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး (26th ACAMM)၏ ပူးတွဲကြေညာချက်အား လက်မှတ်ရေးထိုးခဲ့ကြောင်းာသိရသည်။
ထို့အတူ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် ခရီးစဉ်အတွင်း ဘရူနိုင်းဘုရင့်တပ်မတော်၊ ကြည်းတပ်ဦးစီးချုပ် ဗိုလ်မှူးချုပ် Aldi bin Haji Hassan ၊ ထိုင်းဘုရင့်တပ်မတော်၊ ဒုတိယကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Amarit Boonsuya ၊ စင်ကာပူတပ်မတော်၊ ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ် Cai Dexian ၊ မလေးရှားဘုရင့် တပ်မတော် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Maruli Simanjuntak လာအိုပြည်သူ့တပ်မတော် စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ ဗိုလ်ချုပ် Kongthong Soukhavong တို့နှင့် သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုပိုမိုတိုးမြှင့် ဆောင်ရွက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်းသိရသည်။
ထို့ပြင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ရောက်ရှိခဲ့ပြီး သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များ၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ)ရုံးမှ ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် တွေ့ဆုံနှုတ်ဆက်စကားပြောကြား ၍ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။