အက်သလက်တီကိုအား ကိုင်တွယ်ပြီးချိန်တွင် ဘယ်ကလပ်အား ကိုင်တွယ်လိုကြောင်း ဒီယေဂိုဆီမြွန်နီ ဖွင့်ဟလာ
=====================

ဒီယေဂိုဆီမြွန်နီက အက်သလက်ကိုမက်ဒရစ်မှ ထွက်ခွာချိန်တွင် အသင်းဟောင်း အင်တာမီလန်အား ကိုင်တွယ်လိုကြောင်း ဖွင့်ဟ ပြောကြားလာပါတယ်။
ဒါ့အပြင် အာဂျင်တီးနားလူမျိုးနည်းပြက အင်တာမီလန်အား ကိုင်တွယ်ရေး ရည်မှန်းချက်မှာ တစ်နေ့တွင် ဖြစ်မြောက်လာမယ်လို့လည်း ဆိုသွားပါတယ်။
ဆီမြွန်နီဦးဆောင်တဲ့ အက်သက်တီကိုမက်ဒရစ်ဟာ ယနေ့ညတွင် မက်ဒရစ်မှာ အင်တာမီလန်အား ဧည့်ခံကစားရပါမယ်။
အာဂျင်တီးနားလူမျိုးနည်းပြဟာ အင်တာမီလန်နှင့်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် တစ်နေ့တွင် အင်တာမီလန်ကို ကိုင်တွယ်လိုကြောင်း ပြောကြားသွားတဲ့အပြင် ပြိုင်ဘက်ရဲ့ အားသာချက်ကိုလည်း ပြောကြားသွားပါတယ်။
အင်တာမီလန်ဟာ ယခုရာသီ ချန်ပီယံလိဂ်တွင် ၄ ပွဲလုံး အနိုင်ရရှိထားပါတယ်။ တဖက်တွင် အက်သလက်တီကိုက လီဗာပူးနှင့် အာဆင်နယ်တို့ကို ရှုံးနိမ့်ထားပါတယ်။
အခြားတစ်ဖက်တွင် ဒီယေဂိုဆီမြွန်နီဟာ ဥရောပတွင် အခြေအနေမကောင်းမှုနှင့်အတူ အက်သလက်တီကိုအနာဂတ်နှင့်ပတ်သက်ပြီး မေးခွန်းထုတ်ခြင်းခံနေရသူလည်း ဖြစ်ပါတယ်။
ဆီမြွန်နီက "ဒါ(အင်တာကို ကိုင်တွယ်ရေး)က ကျွန်တော့်အပေါ် မမူတည်ဘူး။ ဒါပေမယ့် ကျွန်တော့်နည်းပြဘဝကို ကြည့်လိုက်ရင် တစ်နေ့မှာ အင်တာမီလန်ကို ကိုင်တွယ်လာမယ်ဆိုတာ တွေးမြင်မိတယ်။ တစ်နေ့ ဖြစ်လာမယ်လို့ ထင်တယ်"လို့ ဆိုသွားပါတယ်။
ဒါ့အပြင် အင်တာနှင့်ပတ်သက်ပြီး ၎င်းက "အင်တာက ကစားတာ အရမ်းကောင်းတယ်။ သူတို့မှာ စရိုက်ရှိတယ်။ အရမ်းရှင်းလင်းတဲ့ တိုက်စစ်စနစ်ရှိတယ်။ လူအင်အားလည်း တောင့်တယ်။ မီလန်နဲ့ပွဲမှာ တစ်ပွဲလုံး သူတို့ပဲ လွှမ်းမိုးခဲ့တယ်။ အခွင့်အရေးတွေလည်း ရခဲ့တယ်။ သူတို့နိုင်ခဲ့သင့်တယ်(ရှုံးနိမ့်)။ သူတို့က အနိုင်ရဖို့ပဲ ကစားတယ်။ ချန်ပီယံလိဂ်မှာလည်း ကိန်းဂဏန်းတွေက သူတို့ ဘာလဲဆိုတာ ပြသနေတယ်။ အင်တာလို အသင်းတစ်သင်းအတွက် ဒါဘီပွဲမှာ ရှုံးနိမ့်မှုက တွန်းအား ဖြစ်လာစေတယ်။ သူတို့က အရမ်းတောင့်တင်းတဲ့အသင်း ဖြစ်နေလို့ပါ။ သူတို့က စကူဒက်တိုရဖို့ ရေပန်းစားနေသလို ချန်ပီယံလိဂ်မှာလည်း အရမ်းကောင်းလာပါမယ်။ ကျွန်တော်တို့အတွက် ပွဲတိုင်းက အရေးကြီးတယ်။ ဘယ်လို ပြိုင်ဘက်ဆိုတာ အရေးမကြီးပါဘူး။ အခု ရာသီရဲ့ အမြင့်ဆုံးအပိုင်းသို့ ရောက်နေပြီ။ နေရာတော်တော်များများ ပိုကောင်းအောင် လုပ်ရမယ်။ ဒါပေမယ့် အလုပ်ဖြစ်လား မဖြစ်လားဆိုတာ ကြည့်ရမယ်"လို့ ဆိုသွားပါတယ်။
ဆီမြွန်နီဟာ ကစားသမားဘဝတုန်းက အင်တာမီလန်တွင် ကစားခဲ့သူ ဖြစ်ပြီး ၁၀၀၆-၉၇ ရာသီတုန်းက ဥရောပဖလားဆွတ်ခူးရာတွင် အဓိကနေရာမှ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
သူဟာ ၁၉၉၀ ခုနှစ်များတုန်းက အင်တာမီလန်တွင် ရော်နယ်ဒို၊ ဂျာဗီးယားဇနက်တီတို့ကဲ့သို့ ကစားသမားများနှင့် တွဲကစားခဲ့သူလည်း ဖြစ်ပါတယ်။

image