ထိုင်းတောင်ပိုင်း စံချိန်တင်ရေကြီးမှု ၁၈ ယောက်သေပြီး ရေဘေးသင့်သူအများစု အကူအညီမရဖြစ်နေ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ စံချိန်တင် ရေကြီးရေလျှံမှုတွေနဲ့ ရင်ဆိုင်နေရပြီး လက်ရှိအချိန်ထိ အနည်းဆုံး လူ ၁၈ ယောက် သေဆုံးခဲ့ကာ အာဏာပိုင်တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် စစ်သင်္ဘောတွေနဲ့ ရဟတ်ယာဉ်တွေကို စေလွှတ်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့အပတ်အတွင်း နိုင်ငံတောင်ပိုင်းက ပြည်နယ် ၁၀ ခုမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီး မလေးရှားနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ စီးပွားရေးအချက်အချာကျတဲ့ ဟတ်ယိုင်မြို့မှာ နှစ်ပေါင်း ၃၀၀ အတွင်း အပြင်းထန်ဆုံး မိုးရွာသွန်းမှု မှတ်တမ်းဝင်ခဲ့ပါတယ်။ တရက်တည်းမှာတင် ၃၃၅ မီလီမီတာ မိုးရွာသွန်းခဲ့ပါတယ်။
ဓာတ်ပုံတွေအရ မြို့ထဲမှာ မော်တော်ယာဉ်တွေနဲ့ အိမ်တွေ ရေနစ်မြုပ်နေပြီး အကူအညီလိုအပ်နေသူတွေ အိမ်ခေါင်မိုးပေါ်မှာ ကယ်ဆယ်ရေးကို စောင့်ဆိုင်းနေကြပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိမ်နီးချင်းနိုင်ငံတွေမှာလည်း ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဗီယက်နမ်မှာလည်း သေဆုံးသူဦးရေဟာ တပတ်အတွင်း ၉၁ ယောက်အထိ မြင့်တက်လာခဲ့ပြီး မလေးရှားမှာတော့ လူ တသောင်းကိုးထောင်ကျော်ဟာ နေအိမ်တွေကနေ စွန့်ခွာခဲ့ရပါတယ်။
ထိုင်းနိုင်ငံမှာ ရေကြီးရေလျှံမှုကြောင့် လူ နှစ်သန်းကျော် ထိခိုက်ခဲ့ရပေမယ့် တသောင်းသုံးထောင် ဝန်းကျင်ပဲ ခိုလှုံရာကို ပြောင်းရွှေ့ခဲ့ရပါတယ်။ ရိုက်တာ သတင်းဌာနရဲ့ အဆိုအရ အများစုဟာ ရေကြီးရေလျှံမှုတွေအတွင်း အကူအညီမရရှိကြဘူးလို့ သိရပါတယ်။
ဒီလိုအဆခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ထိုင်းစစ်တပ်က လေယာဉ်တင်သင်္ဘောတစင်းနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ သင်္ဘော ၁၄ စင်းပါ ရေယာဉ်စုကို စေလွှတ်ဖို့ ပြင်ဆင်နေပြီး တစ်နေ့ကို လူ ၃၀၀၀ အတွက် အစားအသောက်တွေ ချက်ပြုတ်ဖြန့်ဝေဖို့လည်း စီစဉ်နေပါတယ်။
လိုအပ်ပါက လေယာဉ်တင်သင်္ဘောပေါ်ရှိ ဆေးအဖွဲ့တွေက ရေပေါ်ဆေးရုံအဖြစ် သင်္ဘောတွေကို အသုံးပြုနိုင်တယ်လို့ ထိုင်းတော်ဝင်ရေတပ်က ပြောပါတယ်။
လှေတွေ၊ မြင့်မားတဲ့ ရှင်းလင်းရေးထရပ်တွေနဲ့ စက်လှေတွေကိုလည်း ဒေသခံတွေ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းဖို့ စေလွှတ်ထားတယ်လို့ ဟတ်ယိုင်မြို့တည်ရှိရာ ဆောင်ခလာပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ထိုင်းအစိုးရအဖွဲ့မှာ အင်္ဂါနေ့မှာ ဆောင်ခလာကို ဘေးအန္တရာယ်ဇုန်အဖြစ် ကြေညာခဲ့ပြီး ကယ်ဆယ်ရေးအတွက် ရန်ပုံငွေတွေ ထုတ်ပြန်ထားပါတယ်။ ရေကြီးရေလျှံမှုတွေကြားမှာ လူအများအပြားက ပိတ်မိနေဆဲဖြစ်ပါတယ်။
Matchima Rescue Center မှ စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးအဖွဲ့တစ်ခုက ရိုက်တာသတင်းဌာနသို့ ပြောကြားရာမှာတော့ ပြီးခဲ့သည့် သုံးရက်အတွင်း ဖုန်းခေါ်ဆိုမှု ထောင်ပေါင်းများစွာရှိခဲ့ပြီး လူတွေက ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးဖို့ တောင်းဆိုခဲ့ကြောင်း ပြောပါတယ်။
"လူအများအပြား ပိတ်မိနေကြတယ်.၊ ကျေးဇူးပြု၍ ကူညီပေးကြပါ" လို့ ဖေ့စ်ဘွတ်ခ် အသုံးပြုသူတယောက်က အကူအညီတောင်းခံရေးသားခဲ့ပြီး "အခု အရမ်းခက်ခဲပါတယ်။ ရေက ဒုတိယထပ်ကို ရောက်နေပါပြီ။ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ ဖျားနာသူတွေနဲ့ မသန်စွမ်းသူတွေ ရှိနေပါတယ် " လို့ ရေးသားထားပါတယ်။
ရေဘေးသင့်သူ နောက်တယောက်ကတော့ သူ့မိသားစုဟာ အကူအညီရဖို့ သုံးရက်ကြာ စောင့်ဆိုင်းနေခဲ့ရတယ်လို့ ဆိုပါတယ်။ "စက္ကန့်တိုင်းက အရမ်းအရေးကြီးပါတယ်။ ဒီပို့စ်ကို မျှဝေပေးကြပါ။ ကျွန်တော့်ဖုန်းရဲ့ ဘက်ထရီက ၄၀ ရာခိုင်နှုန်းပဲ ရှိနေပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။" လို့ဆိုပါတယ်။
တချို့ကလည်း ရက်ပေါင်းများစွာ အစားအစာနဲ့ ရေ မစားရတဲ့အကြောင်း ရေးသားခဲ့ကြပါတယ်။လူမှုကွန်ရက်မှာ ပျံ့နှံ့သွားတဲ့ ဗီဒီယိုတခုမှာတော့ ယောက်ကျားလေသုံးယောက်ဟာ ဓာတ်အားလိုင်းတွေပေါ်ကနေ ဘေးကင်းရာကို ဖြည်းဖြည်းချင်း သွားဖို့ ကြိုးစားနေတာကို ပြသထားပါတယ်။
မလေးရှားမှာတော့ လူပေါင်း နှစ်သောင်း ကျော် ဘေးကင်းရာကို ရွှေ့ပြောင်းခဲ့ရပြီး မြောက်ပိုင်း နယ်စပ်ဒေသတွေမှာ ကယ်ဆယ်ရေးစခန်း ၁၂၆ ခု ဖွင့်လှစ်ထားပါတယ်။ ကီလန်တန်နဲ့ ပါလစ်ပြည်နယ်တွေမှာ ကယ်ဆယ်ရေးအဖွဲ့တွေဟာ ရေတက်လာမှုကြောင့် လမ်းတွေ ပိတ်ဆို့နေတဲ့ နေရာတွေက ဒေသခံတွေကို ရွှေ့ပြောင်းဖို့ ဒူးခေါင်းအထိ ရေလွှမ်းမိုးမှုတွေကြားကနေ ဖြတ်သန်းသွားလာခဲ့ကြတယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

image