ပခုက္ကူမှာ လူဖမ်းတဲ့သတင်းတွေကြောင့် လုံခြုံရေးတင်းကြပ်လို့ အထိတ်တလန့်ဖြစ်
မကွေးတိုင်း ၊ ပခုက္ကူမြို့မှာ ဒီကနေ့ နိုဝင်ဘာ ၂၅ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်က အမှတ် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ သမီးကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးသွားပြီးနောက် မြို့ဝင် မြို့ထွက်ကို ပိတ်ပြီး စစ်ဆေးမှု တင်းကြပ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
" သူက ထမင်းကြော်ရောင်းတာ ဆိုင်ဖွင့်ရင်း လာဖမ်းသွားတာ ။ရွှေချမ်းသာကျောင်းရှေ့မှာ ဆိုင်ဖွင့်နေတုန်း လာဖမ်းသွားတာလို့ သိရတယ်။ ဘယ်အဖွဲ့ကဖမ်းလည်းတော့ မသိဘူး။ အဲဒီတချိန်တည်းပဲ ဧရာဂုဏ်ကျောင်းမှာလည်း ထမင်းထွက်စားတဲ့ ကျောင်းသားလေးယောက်ပါသွားတယ်။ ဂိုက်ရော ၊ ညစောင့်ရော ပါတယ် ။ သတင်းကတော့ အဲဒီလို တမြို့လုံးထွက်နေတာပဲ ။ဘယ်အဖွဲ့က ဖမ်းတယ်တော့မသိဘူး ။ " လို့ လုံခြုံရေး အရအမည် မဖော်လိုသူ မြို့ခံက တယောက်က ပြောပါတယ်။
အဆိုပါ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဧရာဂုဏ်ကိုယ်ပိုင်ကျောင်းမှ တာဝန်ရှိသူက
"ဖြစ်စဥ်က ကျောင်းကို လုံခြုံရေးအဖွဲ့တွေ ဝင်လာချိန်နဲ့ ထမင်းစားနားချိန်ကနေ ကျောင်းပြန်တက်ချိန်က ကွက်တိလို တိုက်ဆိုင်သွားတယ် ။ကျောင်းတက်ခေါင်းလောင်း ဘဲတီးချိန် ကလေးတွေက အတန်းထဲဝင်ဖို့ ပြေးတဲ့အပြေး သွားတိုက်ဆိုင်တော့ မပြေးနဲ့ဆိုပြီးပေါ့ ။အဲဒီလို ဘာလို့ပြေးတာလဲဆိုပြီးတော့ အထင်မှားတာပါ။ သူတို့က မြို့ထဲမှာ ပြန်ပေးဆွဲမှု တခုဖြစ်တာကို တရားခံက ဒီဘက်ကိုပြေးတယ် သတင်းရလို့ လုံခြုံရေးအဖွဲ့က လိုက်လာရင်း အထင်မှား အမြင်မှားဖြစ်သွားတာပါ ။ အဲဒီမှာ ကျောင်းသားလေးလေးယောက်နဲ့ ဂိုက် ၊ ဂိတ်စောင့်ကို စစ်ဆေးဖို့ဆိုပြီး ခေါ်သွားတာပါ ။ အခု ပြန်လွတ်ပေးဖို့ လူကြီးတွေ လုပ်နေပါတယ်။ ဖြစ်စဥ်ကို သေချာ ရှင်းပြလိုက်တော့ အကုန်လုံးနားလည် သွားပါတယ်။ နာလည်းသွားပေမယ့်လည်း အဆင့်ဆင့် လုပ်ရတာ ဖြစ်လို့ မလွတ်သေးဘူး ။ ကလေးတွေကအခု ရဲစခန်းမှာ ပါ ။ " လို့ ပြောပါတယ်။
လက်ရှိမှာတော့ ပခုက္ကူမြို့ကို အဝင်အထွက်ပိတ်ထားပြီး လုံခြုံရေး တင်းကြပ်ထားသလို ရပ်ကွက်အလိုက်မှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေမှာလည်း ရပ်ကွက်အတွင်း လမ်းသွားလမ်းလာတွေကို စစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။
"အရင်ကမရှိဘူး ။ ဒီနေ့မှ ရပ်ကွက်အုပ်ချုပ်ရေးနားက ဂိတ်တွေကပါ စစ်ဆေးနေတာ ။ " လို့ ဒေသခံက ပြောပါတယ်။
နိုဝင်ဘာ ၁၈ ရက်နေ့ကလည်း ပခုက္ကူနည်းပညာတက္ကသိုလ်မှ တာဝန်ခံကျောင်းအုပ်ကြီး ဒေါက်တာ မြမြမွှေး နဲ့ ခင်ပွန်းဖြစ်သူ ဦးသက်ကိုမောင် ၊ နည်းပညာတက္ကသိုလ်မှ အမှုတွဲထိန်းဖြစ်သူ ဦးသန်းလွင် နဲ့ တူတော်စပ်သူ ကိုမင်းကိုချစ် ဆိုသူတို့ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ယခုနောက်ပိုင်း ပခုက္ကူမြို့မှာ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ငွေကြေးအင်အား တောင့်တင်းတဲ့ ဒေသခံတွေကို အမည်မသိ လက်နက်ကိုင် အဖွဲ့တွေက ပြန်ပေးဆွဲပြီး ငွေတောင်းယူနေမှုတွေ ခပ်စိပ်စိပ် အဖြစ်များလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်မှုဇုန် လုပ်ငန်းရှင်တွေ၊ ရွှေဆိုင်ပိုင်ရှင်တွေ၊ မြို့ပေါ်ကပွဲရုံတွေ၊ စတိုးဆိုင်တွေ၊ ကားလုပ်ငန်းရှင်၊ ဆီလုပ်ငန်းရှင်၊ ကုန်သည်ပွဲစားတွေအပြင် ငွေကြေးအင်အား တောင့်တင်းတဲ့ ဒေသခံတွေကို ဖမ်းဆီးပြီး ငွေကြေး သိန်းရာနဲ့ချီ ကစလို့ သိန်း သောင်းဂဏန်းအထိ တောင်းယူမှုတွေ ပြုလုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံတွေ ပြန်ပေးဆွဲမှုနဲ့ ဖမ်းဆီးခံရမှုတွေဟာ ပြီးခဲတဲ့ ၂၀၂၁ ခုနှစ်၊ နောက်ပိုင်းကစပြီး ဖြစ်ပွားလာနေတာလို့ သိရပြီး ဒီဖြစ်စဉ်တွေကြောင့် လုပ်ငန်းရှင် အများစုဟာ ပခုက္ကူမြို့ပေါ်မှာ မနေရဲကြတော့တဲ့အတွက် တခြားမြို့တွေဆီ ပြောင်းရွှေ့သွားကြတယ်လို့ သိရပါတယ်။