ဂါဇာပြန်လည်တည်ဆောက်ရေး ဒေါ်လာ ၇၀ ဘီလီယံကျော် ကုန်ကျနိုင်ပြီး ဆယ်စုနှစ်များစွာ ကြာမြင့်နိုင်
ဂါဇာကို ပြန်လည်တည်ဆောက်ရေးအတွ့က် ဒေါ်လာ ၇၀ ဘီလီယံကျော် ကုန်ကျနိုင်တယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာတစောင်မှာ ဖော်ပြထားပြီး ပျက်စီးနေတဲ့နယ်မြေ ထူထောင်ရေးအတွက် ဆယ်စုနှစ်များစွာကြာမြင့်နိုင်တယ်လို့ ဆိုပါတယ်။
အစ္စရေး-ဟားမတ်စ် ပဋိပက္ခကြောင့် အဆောက်အအုံ ၇၀ ရာခိုင်နှုန်းအထိ ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးခဲ့ပြီး အရေးပေါ် လူသားချင်းစာနာထောက်ထားမှုနဲ့ စီးပွားရေးအရေးပေါ်အခြေအနေ ကို ဖြစ်ပေါ်စေခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
ဂါဇာမှာ လူတယောက်ချင်းစီရဲ့ GDP ဟာ လွန်ခဲ့တဲ့ ၂၂ နှစ်က မြင်တွေ့ခဲ့ရတဲ့ အဆင့်ကို ပြန်လည်ရောက်ရှိနေတယ်လို့ ပါလက်စတိုင်းဆိုင်ရာ UNCTAD ညှိနှိုင်းရေးမှူး Mutasim Elagraa ကပြောပါတယ်။
ဂါဇာအတွက် နိုင်ငံတကာအကူအညီတွေ စဉ်ဆက်မပြတ်စီးဆင်းဖို့ အရေးတကြီးလိုအပ်နေပြီး ပါလက်စတိုင်းနယ်မြေအတွက် ပြည့်စုံတဲ့ ပြန်လည်ထူထောင်ရေးအစီအစဉ်တခု ပြုလုပ်ဖို့ကိုလည်း တောင်းဆိုထားပါတယ်။
ဒီအစီအစဉ်မှာ နိုင်ငံတကာအကူအညီတွေ၊ ဘဏ္ဍာရေးလွှဲပြောင်းမှုတွေ၊ ပြန်လည်ထူထောင်ရေးနဲ့ ကုန်သွယ်ရေး၊ ရွှေ့ပြောင်းမှုနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကန့်သတ်ချက်တွေကို ဖြေလျှော့ဖို့ အဆင့်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ပြန်လည်ထူထောင်ရေးအတွက် ရေရှည်အပစ်အခတ်ရပ်စဲရေးဟာ မရှိမဖြစ်လိုအပ်တယ်လို့ ပြောပါတယ်။ ဒီအတောအတွက်း အစ္စရေးတပ်ဖွဲ့တွေဟာ စားနပ်ရိက္ခာ ဖြန့်ဖြူးတဲ့နေရာတွေအနီးမှာ အရပ်သားများစွာကို သတ်ဖြတ်ခဲ့တဲ့အပေါ် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဝေဖန်မှုတွေ ရှိနေခဲ့ပါတယ်။