1 ပတ် - ဘာသာပြန်ပါ။

အကြမ်းဖက်ခံရသူများကို တစ်နေရာတည်းတွင် ပြီးပြည့်စုံသောပြုစုစောင့်ရှောက်မှုပေးနိုင်သည့်
စင်တာဖွင့်လှစ်ပြီး ဝန်ဆောင်မှုပေးလျက်ရှိ

အကြမ်းဖက်ခံရသူများအား တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသည့်စင်တာ(One Stop Women Support Center- OSWSC) နှင့် ကျားမအခြေပြုအကြမ်းဖက်ခံရသူများကို တစ်နေရာတည်းတွင် ပြီးပြည့်စုံသော ပြုစုစောင့်ရှောက်မှုပေးနိုင်သည့်စင်တာ ( One Stop Crisis Center - OSCC)တို့ကို ဖွင့်လှစ်ပြီး ဝန်ဆောင်မှုပေးနေကြောင်း လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောသည်။
ယခုနှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုအခမ်းအနားကို နေပြည်တော်၌ ယမန်နေ့က ကျင်းပစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါစင်တာများကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ကျန်းမားရေးဝန်ကြီးဌာနများတွင် ဖွင့်လှစ်ပြီး ဝန်ဆောင်မှုပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ထိုပြင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်ခြင်း၊တားဆီးခြင်း တုံ့ပြန်မှုပေးခြင်းများကို အစိုးရဌာနအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နေပြီး အကြမ်းဖက်ခံရသူများအနေဖြင့် ဖုန်းနံပတ်1566 ကို တိုင်ကြားလာပါကလည်း စိစစ်အရေးယူဆောင်ရွက်နေခြင်းလည်းဖြစ်သည်။
တိုင်ကြားမှုများကို လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲ သူ ၅၅၆ ဦး နှင့် ကူညီဆောင်ရွက်ပေးနေကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
လက်ရှိ ဒစ်ဂျစ်တယ်အကြမ်းဖက်မှုများသည် ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မဆို လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်သည့်အတွက် ဥပဒေများ ပြဌာန်းပြီး ထိရောက်စွာ အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ယခုနှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုအတွက် ဆောင်ပုဒ်မှာ “အမျိုးသမီးများအ‌ပေါ် ဒစ်ဂျစ်တယ်အကြမ်းဖက်မှု ပပျောက်ရေး အားလုံးပူးပေါင်းဆောင်ရွက်ပေး “ ဖြစ်ကြောင်း သိရသည်။

image