မက်ဆီရဲ့ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားဘဝပိုင်ဆိုင်ရေး ကြီးမားတဲ့ အခမ်းကဏ္ဍမှ ပါဝင်ခဲ့သူ အသက် ၇၃ နှစ်အရွယ်တွင် ကွန်လွန်လာ
==================
လီယွန်နယ်မက်ဆီဟာ သူ့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ကစားသမား ဖြစ်မြောက်လာရေးတွင် အဓိကနေရာမှ ပါဝင်ခဲ့တဲ့ လူတစ်ဦး ကွယ်လွန်သွားမှုအတွက် ဝမ်းနည်းကြောင်း ပြသလာပါတယ်။
အသက် ၃၈ နှစ်ရှိ အာဂျင်တီးနားနှင့် အင်တာမိုင်ယာမီစူပါစတားဟာ ဘောလုံးသမိုင်းတွင် အကောင်းဆုံးကစားသမားများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။
သူဟာ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်၊ ကမ္ဘာ့ဖလား ၁ ကြိမ်၊ အိုလံပစ်ရွှေတံဆိပ်ဆု ၁ ကြိမ်၊ ကိုပါအမေရိကဖလား ၂ ကြိမ်အပါအဝင် ဆုဖလား ၄၅ လုံး ဆွတ်ခူးထားနိုင်သူလည်း ဖြစ်ပါတယ်။
ဒါ့အပြင် အာဂျင်တီးနားဂန္ထဝင်ဟာ Ballon d'Or ဆုကိုလည်း ၈ ကြိမ် ဆွတ်ခူးထားပါသေးတယ်။
ဒါပေမယ့် သူ့အောင်မြင်မှုတွင် အသက် ၇၃ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့တဲ့ အာဂျင်တီးနားနိုင်ငံသား အိုမာဆူတိုက ကြီးမားတဲ့ အခန်းကဏ္ဍမှ ပါဝင်ခဲပါတယ်။
ဆူတိုဟာ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်တွင် ဆယ်စုနှစ်သုံးခုကျော်ကြာ တာဝန်ထမ်းဆောင်လာခဲ့သူ ဖြစ်ပါတယ်။
သူဟာ ၂၀၀၄ ခုနှစ်တုန်းက အာဂျင်တီးနားယူ-၂၀ အသင်းအတွက် ပထဆုံးကစားခဲ့တဲ့ မက်ဆီအား နိုင်ငံအတွက် ကစားလာအောင် ဆွဲဆောင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ မက်ဆီဟာ ထိုစဉ်တုန်းက စပိန်အသင်းအတွက်လည်း ကစားခွင့်ရှိနေသူ ဖြစ်ပါတယ်။
သူဟာ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ကိုယ်စား ပထမဆုံးပုဂ္ဂိုလ်အဖြစ် မက်ဆီနှင့် ဆက်သွယ်ခဲ့တဲ့သူလို့ ယူဆရပါတယ်။
သူဟာ ရိုဆာရီယိုရှိ မက်ဆီရဲ့ ဦးလေး၊ အဘွားတို့မှ တဆင့် မက်ဆီရဲ့ ဖခင်နှင့် ဆက်သွယ်မှု ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
မက်ဆီဟာ ထိုစဉ်မှ စတင်ကာ အာဂျင်တီးနားအတွက် ကစားလာခဲ့ပြီး နိုင်ငံအတွက် ၁၉၆ ပွဲကစားကာ ၁၁၅ ဂိုးသွင်းပြီး နိုင်ငံအတွက် ပွဲအများဆုံးကစားထားသူ၊ ဂိုးအများဆုံးသွင်းယူထားသူ ဖြစ်လာပါတယ်။
ဆူတိုဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ခန့်မှ စတင်ကာ နာမကျန်းလာဖြစ်ခဲ့သူလည်း ဖြစ်ပါတယ်။
မက်ဆီဟာ သူနှင့် ဆူတိုတို့ တွဲရိုက်ကူးထားတဲ့ ဓာတ်ပုံအား ပို့စ်တင်ကာ "ခင်ဗျားက အဲဒီမှာ အမြဲ ရှိနေခဲ့တယ်။ ပြီးတော့ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က ကျွန်တော့်ကို ရှာတွေ့နိုင်အောင် လမ်းခင်းပေးခဲ့တဲ့သူပါ။ အရမ်းကို လူသားဆန်မှု၊ လက်ရွေးစင်အသင်းကို ဖြတ်သန်းရတဲ့ ကျွန်တော်တို့အတွက် ခင်ဗျားက မေ့ဖျောက်ဖို့ ခက်တဲ့ လူပါ။ ခင်ဗျားရဲ့ အမှတ်အသားတွေက ထာဝရ တည်ရှိနေမှာပါ။ အိုမာရေ ခင်ဗျားကို ဘယ်တော့မှ မမေ့ဘူး။ ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ"လို့ ရေးသားသွားပါတယ်။