တရုတ်နဲ့ တင်းမာနေစဉ် ထိုင်ဝမ်အနီး ကျွန်းပေါ်မှာ ဒုံးကျည်တွေဖြန့်ကြက်ဖို့ ဂျပန်စီစဉ်
တရုတ်နဲ့ သံတမန်ရေး တင်းမာမှုတွေမြင့်တက်နေချိန်မှာပံ ဂျပန်စစ်တပ်ဟာ ထိုင်ဝမ်အနီးရှိ ကျွန်းတကျွန်းပေါ်မှာ တာလတ်ပစ်အမျိုးအစား မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်တွေ ဖြန့်ကြက်ချထားဖို့ စီစဉ်နေတယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရိုကိုအိဇူမီက ပြောပါတယ်။
တရုတ်နိုင်ငံကတော့ ဒီအစီအစဉ်ကို ဝေဖန်ရှုတ်ချလိုက်ပြီး ဒါဟာ ဒေသတွင်း တင်းမာမှုတွေ ဖန်တီးဖို့နဲ့ စစ်ရေးအရ ရင်ဆိုင်ဖို့ ရည်ရွယ်ချက်ရှိရှိ ကြိုးပမ်းမှုတခုဖြစ်တယ်လို့ ဒီကနေ့မှာ ဝေဖန်ရှုတ်ချလိုက်ပါတယ်။
ထိုင်ဝမ်အပေါ် တရုတ်နိုင်ငံက တိုက်ခိုက်မှုဟာ ဂျပန်ရဲ့ ရပ်တည်ရေးကို ခြိမ်းခြောက်မှုဖြစ်တာကြောင့် စစ်ရေးတုံ့ပြန်မှုကို ဖြစ်ပေါ်စေနိုင်ကြောင်း ဂျပန်ဝန်ကြီးချုပ် တာကာအိချိက ယခုလမှာ ပြောကြားခဲ့ပြီးနောက် တရုတ်နဲ့ ဂျပန်တို့အကြား ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး သံတမန်ရေးရာ တင်းမာမှု ဖြစ်ပေါ်နေပါတယ်။
ဒုံးကျည်တွေ ဖြန့်ကြက်မယ့် အစီအစဉ်ဟာ ဂျပန်နဲ့ ဒေသတွင်းကို ဘေးအန္တရာယ်ဆီသို့ ဦးတည်နေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ တရုတ်အနေနဲ့ နယ်မြေနဲ့ အချုပ်အခြားအာဏာကို ကာကွယ်ဖို့စိတ်ပိုင်းဖြတ်ထားသလို လုပ်နိုင်စွမ်းလည်းရှိတယ်လို့ ဆိုပါတယ်။
ထိုင်ဝမ်ရဲ့ အရှေ့ဘက်ကမ်းရိုးတန်းမှ ၁၁၀ ကီလိုမီတာခန့်အကွာရှိ ယိုနာဂူနီ ကျွန်းပေါ်ရှိ စစ်စခန်းတခုမှာ တာလတ်ပစ်အမျိုးအစား မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်ယူနစ်တခု ချထားဖို့ အစီအစဉ်ကို တဖြည်းဖြည်း ဆက်လက်လုပ်ဆောင်နေတယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရိုကိုအိဇူမီက ပြောပါတယ်။
“ဒုံးကျည်ချထားမှုဟာ ယိုနာဂူနီကျွန်းကို ကာကွယ်ဖို့ ရည်ရွယ်ကြောင်းနဲ့ ဒီယူနစ်ကို ထားရှိခြင်းအားဖြင့် ကျွန်တော်တို့နိုင်ငံကို လက်နက်ကိုင်တိုက်ခိုက်ဖို့ အခွင့်အလမ်းတွေကနေ အမှန်တကယ် လျှော့ချပေးလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်" လို့ သူက ဆိုပါတယ်။
ဒီလုပ်ရပ်ဟာ အလွန်အန္တရာယ်များပြီး အနီးနားကနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကြားမှာ စိုးရိမ်မှုတွေ မြင့်တက်စေတယ် လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက သတိပေးထားပါတယ်။
ဂျပန်ဝန်ကြီးချုပ်ရဲ့ ထိုင်ဝမ်အရေးမှတ်ချက်အပေါ် တရုတ်နိုင်ငံ့ ပြင်းထန်တဲ့ဝေဖန်မှုတွေ၊ ဂျပန်ပင်လယ်စာတွေကို ပိတ်ပင်တာ၊ ဂျပန်ရုပ်ရှင်တွေ ဖြန့်ချိတာကို ရပ်တန့်တာနဲ့ ဂျပန်ကို မသွားဖို့ နိုင်ငံသားတွေကို သတိပေးခဲ့ပါတယ်။
တရုတ်ဟာ ထိုင်ဝမ်ကို သူ့ရဲ့ကိုယ်ပိုင်နယ်မြေအဖြစ် ရှုမြင်ပြီး ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ရင် စစ်ရေး အင်အားသုံးမယ်လို့ ဆိုထားပါတယ်။ ထိုင်ဝမ်ကတော့ ဒါကိုပယ်ချထားပြီး ထိုင်ဝမ်ပြည်သူတွေပဲ သူတို့ရဲ့အနာဂတ်ကို ဆုံးဖြတ်နိုင်တယ်လို့ ပြောပါတယ်။
ထိုင်ဝမ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဖရန်ဆွာဝူကတော့ အချုပ်အခြာအာဏာပိုင်နိုင်ငံတခုအနေနဲ့ ဂျပန်ဟာ သူ့ရဲ့နယ်မြေလုံခြုံရေးကို ကာကွယ်ဖို့ လိုအပ်တဲ့ခြေလှမ်းတွေ လှမ်းပိုင်ခွင့်ရှိတယ်လို့ ထိုင်ဝမ်လွတ်တော်မှာ ပြောကြားခဲ့ပြီး ယိုနာဂူနီကျွန်းဟာ ထိုင်ဝမ်နဲ့ ဘယ်လောက်နီးကပ်တယ်ဆိုတာကို ထောက်ပြခဲ့ပါတယ်။