ထိုင်းတောင်ပိုင်းတွင် ရေကြီးမှုကြောင့် လူထောင်ချီ ရွှေ့ပြောင်းနေရ
----------------------

ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလပြည်နယ်၊ ဟတ်ယိုင်မြို့မှာ နိုဝင်ဘာ ၂၂ ရက်ကတည်းက မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် ဒီနေ့ နိုဝင်ဘာလ ၂၄ ရက်အထိ ရေကြီးရေလျှံတာတွေ ဖြစ်နေပြီး လူထောင်ချီ ရွှေ့ပြောင်း နေရတယ်လို့ ဒေသခံတွေက ပြောကြားထားတာကို ကိုးကားပြီး The Nation Thailand သတင်းမှာ ဖော်ပြပါ တယ်။
ဟတ်ယိုင်မြို့လယ်ခေါင် အသွားအလာအများဆုံးဖြစ်တဲ့ ပက်ကဆန်းလမ်းကြီးနဲ့ လေဆိပ်လမ်းအပါအဝင် မြို့တွင်း လမ်းမကြီးတွေအားလုံးနီးပါး ရေနစ်မြုပ်ကုန်ပြီလို့ ဒေသခံတွေက ဆိုပါတယ်။ ရေကြီးရေလျှံနေတာကြောင့် ဟတ်ယိုင်မြို့ပေါ်ရပ်ကွက်အားလုံးကိုလည်း လျှပ်စစ်မီးဖြတ်တောက်ထားတယ်လို့ ဒေသခံတွေက လူမှုကွန်ရက်မှာ ရေးသားဖော်ပြနေကြပါတယ်။
အလားတူ ဟတ်ယိုင်မှာ မိုးများပြီး ရုတ်တရုက်ရေကြီးလာတာကြောင့် ဟတ်ယိုင်အနီးက ဆည်ကိုလည်း ဖွင့်ချ ထားရတာကြောင့် ဒီထက် ရေပိုကြီးလာနိုင်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။ ထိုင်းအာဏာပိုင်တွေကတော့ ရေကြီးရေလျှံမှုကို ကာကွယ်ဖို့အတွက် ခရိုင် ၆ ခုထဲက ရေကြီးနိုင်ပြီး အန္တရာယ် များတဲ့ ဒေသတွေအတွက် အနီရောင်အဆင့် သတိပေးချက် တိုးမြှင့်ထားတယ်လို့ သိရပါတယ်။

image