QRကုတ်ပါသည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်အတုများထွက်ပေါ်နေ
---------------------

တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်အတုပြုလုပ်တဲ့ မသမာသူတွေက ဖန်တီးထားတဲ့ QRကုတ်ပါတဲ့ အောင်လက်မှတ်အတုတွေရှိနေတယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက နိုဝင်ဘာ၂၄ရက်မှာ အသိပေးထားပါတယ်။
မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအနေနဲ့ ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်တွေကစတင်ပြီး အောင်လက်မှတ်ပါအချက်အလင်တွေကို စစ်ဆေးနိုင်တဲ့ QRကုတ်ထည့်သွင်းပြီး ထုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီQRကုတ်ဟာ မြန်မာနိုင်ငံက တရားဝင်အစိုးရဌာနတွေသာအသုံးပြုနိုင်တဲ့ gov.mm ကိုအသုံးပြုပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website URLဖြစ်တဲ့ verify.dme.gov.mm ကို ချိတ်ဆက်ထားတယ်လို့ သိရပါတယ်။
အခုထွက်ပေါ်နေတဲ့ အောင်လက်မှတ်အတုတွေမှာပါတဲ့ QRကုတ်က verify.dme.gov.mm ကို ချိတ်ဆက်တာမဟုတ်ဘဲ တခြားWebsite URLတစ်ခုကိုချိတ်ဆက်ပြီး အတုအပပြုလုပ်ထားတာကို တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။
အဲဒါကြောင့် verify.dme.gov.mm ကို ချိတ်ဆက်ပြီး အချက်အလက်တွေ စစ်ဆေးနိုင်မှသာ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပေးထားတဲ့ အောင်လက်မှတ်အစစ်ဖြစ်ပြီး တခြားWebsite URLကို ချိတ်ဆက်ဖော်ပြတဲ့ QRကုတ်နဲ့ အောင်လက်မှတ်တွေအားလုံးက အတုဖြစ်တယ်လို့ အသိပေးထားပါတယ်။
မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအနေနဲ့လည်း လိုအပ်တဲ့လုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ ၂၀၇၈၉၈ဦးရှိပြီး ၉၉၉၂၄ဦး အောင်မြင်ခဲ့ကာ အောင်ချက်ရာခိုင်နှုန်း ၄၈ဒသမ၀၆ရာခိုင်နှုန်းရှိတယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကနေ သိရပါတယ်။

image