ဘယ်လာရုစ် သမ္မတနိုင်ငံ သမ္မတ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်မည်

မြန်မာနိုင်ငံ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒားလူကာရှန်ကိုသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ မကြာမီကာလအတွင်း တရားဝင်ချစ်ကြည်ရေးခရီး လာရောက်မည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လက မြန်မာနိုင်ငံတော် ယာယီသမ္မတသည် ဘယ်လာရုစ်နိုင်ငံသမ္မတ မစ္စတာ လူကာရှန်ကို၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံသို နိုင်ငံတော်အဆင့် (Offical State Visit) ချစ်ကြည်ရေးခရီးစဉ်အား နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် သွားရောက်ခဲ့ပြီး မတ်လ(၇)ရက်နေ့က ဘယ်လာရုစ်နိုင်ငံသမ္မတ မစ္စတာ လူကာရှန်ကိုနှင့် လွတ်လပ်ရေးနန်းတော်၌တွေ့ဆုံ၍ ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။
အဆိုပါ တွေ့ဆုံချိန်မှာတော့ ဘယ်လာရုစ်နိုင်ငံနှင့် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးဆောင်ရွက်ခဲ့၍ မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံကြားတွင် နှစ်နိုင်ငံအတွက် အကျိုးဖြစ်ထွန်းမှုများရှိနိုင်မည်ဖြစ်ကာ မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်ကိုလည်း အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး နှစ်နိုင်ငံကြားစီးပွားရေးဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးဆိုင်ရာများ၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ စက်မှု၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှု၊ အားကစားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်ရေး၊ ကာကွယ်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။
ထိုအတူ နှစ်နိုင်ငံကြား ကဏ္ဍပေါင်းစုံပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် နိုင်ငံချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မာအားကောင်းလာမည့် အခြေအနေများ၊ မြန်မာ-ဘယ်လာရုစ်ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများ၊ မြန်မာနိုင်ငံ၌ လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ခြင်းလည်းဖြစ်သည်။

image