၂၀၂၅-၂၀၂၆ ပညာသင်နှစ် အဆင့်မြင့်ပညာအဆင့် လူရည်ချွန်များကို ရွေးချယ်သွားမည်
ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အဆင့်မြင့်ပညာအဆင့် လူရည်ချွန်များကို ရွေးချယ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပြောသည်။
နိုဝင်ဘာ ၂၄ ရက်က ကျင်းပသည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အဆင့်မြင့်ပညာအဆင့် လူရည်ချွန်ရွေးချယ်ရေးဆိုင်ရာအစည်းအဝေးတွင် ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်အတွက် အားထားရမည့် တက္ကသိုလ် ကျောင်းသား ကျောင်းသူများကို ဗလငါးတန်နှင့် ပြည့်စုံသော လူချွန်လူကောင်းများ မွေးထုတ်လေ့ကျင့်ပေးရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အဆင့်မြင့်ပညာအဆင့် လူရည်ချွန်ရွေးချယ်ရေးစီမံကိန်းကိုစတင်ခဲ့ပြီး ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အဆင့်မြင့်ပညာအဆင့် လူရည်ချွန်များကို ရွေးချယ်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။
ထို့ပြင် ဆက်စပ်ဝန်ကြီးဌာန ကိုးခုရှိ မွေးမြူရေးနှင့် စိုက်ပျိုးရေးတက္ကသိုလ် (မအူပင်)အပါအဝင် တက္ကသိုလ် ၁၅၈ ခုမှ တစ်ကျောင်းလျှင် ပထမနှစ် ကျောင်းသား ကျောင်းသူတစ်ဦးနှင့် ဒုတိယနှစ် ကျောင်းသားကျောင်းသူတစ်ဦးစီဖြင့် စုစုပေါင်း ၃၁၅ ဦးကို စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။