အကယ်ဒမီစတား ၂ ဦးကို ပထမအသင်းတွင် အခွင့်အရေးပေးပြီး အာဖရိကပြိုင်ပွဲအတွက် စတားများကို စေလွှတ်ရမှုအတွက် ပြင်ဆင်လာမယ့် ယူနိုက်တက်နည်းပြအမိုရမ်
=====================

ရူဘင်အမိုရမ်ဟာ အာဖရိကဖလားပြိုင်ပွဲအတွက် အဓိကကစားသမားများကို စေလွှတ်ရမှာ ဖြစ်လို့ ယင်းအတွက် ပြင်ဆင်တဲ့အနေဖြင့် အကယ်ဒမီထွက် ကစားသမားများကို ပထမအသင်းတွင် အခွင့်အရေးပေးကာ ပြင်ဆင်ဖို့ စီစဉ်နေပါတယ်။
ယူနိုက်တက်ဟာ လာမယ့် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် စတင်ကျင်းပမယ့် အာဖရိကဖလားပြိုင်ပွဲအတွက် အရေးပါတဲ့ ကစားသမားများဖြစ်ကြတဲ့ ဘရိုင်ယန်အမ်ဘူမို၊ အာမက်ဒီရယ်လိုနှင့် မာ့ဇ်ရာဝီတို့အား စေလွှတ်ရပါမယ်။
အမိုရမ်ဟာ အာဖရိကဖလားပြိုင်ပွဲအတွက် အရေးပါတဲ့ ကစားသမားများကို စေလွှတ်ရေး ပြင်ဆင်တဲ့အနေဖြင့် အကယ်ဒမီကစားသမားများဖြစ်ကြတဲ့ အသက် ၁၈ နှစ်ရှိ ဂျက်ဖလက်ချာနှင့် ရှီယာလေစီတို့အား ပထမအသင်းမှာ အခွင့်အရေးပေးလာပါမယ်။
၎င်းတို့နှစ်ဦးဟာ သောကြာနေ့ကတည်းက ယူနိုက်တက်ပထမအသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းလာခဲ့ကြပြီး ယနေ့ည အဲဗာတန်နှင့် ရင်ဆိုင်ရမယ့် ပွဲအတွက် လူစာရင်းတွင် ပါဝင်လာကြပါမယ်။
အသက် ၁၈ နှစ်ရှိ ရှီယာမှာ အောက်တိုဘာလနိုင်ငံတကာပဲစဉ်များအတွင်းတွင် အင်္ဂလန်စီနီယာအသင်း၊ အင်္ဂလန်ယူ-၂၁ အသင်းတို့နှင့်အတူ လေ့ကျင့်ခန်းဆင်းခွင့်ရခဲ့သူ ဖြစ်ပြီး အင်္ဂလန်ယူ-၂၀ ရဲ့ ဂျပန်နှင့်ပွဲစဉ်တွင် ဂိုးသွင်းခဲ့သူလည်း ဖြစ်ပါတယ်။
အာဖရိကဖလားပြိုင်ပွဲနှင့်ပတ်သက်ပြီး အမိုရမ်က "ခက်ခဲလာလိမ့်မယ်။ ဒါပေမယ့် ကောင်းတဲ့ အတွေ့အကြုံဖြစ်လာမှာပါ။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း အကန့်အသတ်တွေ အများကြီးနဲ့ ရှင်သန်ခဲ့ရတယ်။ ဇန်နဝါရီမှာ အပြောင်းအလဲတွေ လုပ်တယ်။ ကစားသမားတွေ မခေါ်ယူခဲ့ဘူး။ နောက်တော့ အာမက် ဒဏ်ရာရပြီး ၄ လနားရတယ်။ တကယ်လို့ ဒါက(အာဖရိကဖလား)က ခက်ခဲလာမယ်ဆိုရင်တောင် ဒီအတွက် ပြင်ဆင်ထားပါတယ်။ ကွဲပြားတဲ့ အထုပ်အပိုးနဲ့ ပြင်ဆင်ထားတယ်။ ဂျက်ဖလက်ချာ၊ ရှီယာတို့လို အကယ်ဒမီကစားသမားတွေ နဲ့ ပြင်ဆင်ထားတယ်။ သူတို့လိုကစားသမားတွေ အများကြီး ရှိတယ်။ သူတို့ နေရာယူလာနိုင်တယ်။ အကယ်ဒမီမှာ ရှိတဲ့ကလေးတွေကို ဒီမှာရှိတဲ့ (သတင်းထောက်)သူတွေဆီက သတင်းစကားပါးလိုက်ပါတယ်။ ဒါက အနာဂတ်ဖြစ်တယ်ဆိုတာပါ။ ဒါပေမယ့် ကျွန်တော်တို့ ရုန်းကန်လာရမယ်။ ပြီးတော့ ဒီအတွက်လည်း ပြင်ဆင်ထားမယ်"လို့ ပြောကြားသွားပါတယ်။
လီဗာပူးဖွားလေဆီဟာ အသက် ၁၅ နှစ်အရွယ်ကတည်းက ယူနိုက်တက်သို့ ရောက်လာခဲ့တာ ဖြစ်ပြီး ဒဏ်ရာပြဿနာကြောင့် ပြီးခဲ့တဲ့ နှစ်ရာသီတွင် ၉ ပွဲတည်းသာ ပွဲထွက်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် သူဟာ နွေရာသီတုန်းက မလေးရှား၊ ဟောင်ကောင်ခရီးစဉ်တွင် ယူနိုက်တက်အသင်းနှင့်အတူ လိုက်ပါခွင့် ရခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ဒဏ်ရာကြောင့် ယူနိုက်တက်ရဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့ပါတယ်။
နောက်ဆုံး ၅ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်း ပိုင်ဆိုင်ထားတဲ့ ယူနိုက်တက်ဟာ ယနေ့ညတွင် အိုးထရက်ဖို့ဒ်ကွင်းမှာ ၆ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်း ပိုင်ဆိုင်ရေး အဲဗာတန်နှင့် ကစားရပါမယ်။

image