စိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံ GDP ၏ (၂၃ ဒသမ ၇) ရာခိုင်နှုန်းအထိပါဝင်နေ

စိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံတော်၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (ဂျီဒီပီ) ၏ (၂၃ ဒသမ ၇) ရာခိုင်နှုန်းအထိပါဝင်နေသည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ နိုဝင်ဘာ ၂၃ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်း၊ မအူပင်မြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ် (မအူပင်)ဖွင့်ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် နိုင်ငံ့လူဦးရေ၏ (၄၆) ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့်ဆက်စပ်သည့် လုပ်ငန်းများတွင် အသက်မွေးဝမ်းကျောင်းပြုနေကြသည့် ကျေးလက်နေသူများဖြစ်၍ စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး ကျေးလက်နေသူများ၏ ဝင်ငွေတိုးတက်မှသာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးမှ တစ်ဆင့် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်မည်ဟု ပြောသည်။

မြန်မာနိုင်ငံ၌ စိုက်ပျိုးမြေအမြောက်အများရှိပြီး သီးနှံမျိုးစုံစိုက်ပျိုးနိုင်သည့် ရာသီဥတုနှင့် ဂေဟစနစ်မျိုးစုံရှိခြင်း၊ ရေချိုအရင်းအမြစ် ကြွယ်ဝခြင်းတို့ကြောင့် ပြည်တွင်းစားရေရိက္ခာဖူလုံသည့်အပြင် ပိုလျှံသည့် လယ်ယာသားငါးထွက်ကုန်များကို ပြည်ပသို့တင်ပို့လျက်ရှိသည်ဟု ပြောသည်။

" အထူးသဖြင့် ဧရာဝတီတိုင်းဟာ မြန်မာနိုင်ငံရဲ့ “စပါးကျီ”အဖြစ် သမိုင်းအစဉ်အလာကြီးတဲ့ ဒေသဖြစ်ပါတယ်။ အခုလို စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ် (မအူပင်) ဖွင့်လှစ်နိုင်ခြင်းဟာ ဧရာဝတီတိုင်းရဲ့ အဓိကလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်တဲ့‌အပြင် တိုင်းဒေသကြီးရဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ တိုး တက်ခြင်းမှသည် နိုင်ငံတော်ရဲ့ စိုက်ပျိုး၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိုရရှိစေနိုင်မယ်လို့ယုံကြည်ပါတယ်"ဟု ယာယီသမ္မတက ပြောသည်။

ဧရာဝတီတိုင်းသည် မြန်မာနိုင်ငံ၏ အဓိကဆန်စပါးစိုက်ပျိုးထုတ်လုပ်ဖြန့်ဖြူးပေးသည့် ဒေသကြီးဖြစ်သည့်အပြင် ငါးပုဇွန်မွေးမြူရေးလုပ်ငန်းများလည်း အများအပြားရှိသော်လည်း ဧရာဝတီတိုင်းအတွင်းတွင် ရေကြီးကွင်း၊ ရေနက်ကွင်းများ ဧရိယာကျယ်ပြန့်စွာရှိနေပြီး စိုက်ပျိုးရေးလုပ်ငန်းအတွက် အပြည့်အဝအ သုံးချနိုင်ခြင်းမရှိသေးသဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးတွဲဖက်ဆောင်ရွက်သည့်စနစ်များကို တိုးချဲ့ဆောင်ရွက်ကြရမည်ဟု ယာယီသမ္မတက မှာကြားခဲ့သည်။

image