အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ် ရုပ်ရှင်ဇာတ်လမ်းတိုပြိုင်ပွဲကျင်းပမည်
လာမည့် ဒီဇင်ဘာ (၃) ရက်တွင် ကျရောက်မည့် “အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့” ကို ဂုဏ်ပြုသောအားဖြင့် ရုပ်ရှင်ဇာတ်လမ်းတိုပြိုင်ပွဲလုပ်ဆောင်မည်ဖြစ်ကြောင်း လမ်းပြကြယ် (Guiding Star) အဖွဲ့မှ သိရသည်။
ဗီဒီယိုဖန်းတီးရသည်ကို ဝါသနာပါသူများအတွက် ရည်ရွယ်ခြင်းဖြစ်ပြီး မသန်စွမ်းသူများ၏ စွမ်းဆောင်ရည်နှင့် အားမာန်ကို ဖော်ကျုးမည့် မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း အသိပေးထားသည်။ ပြိုင်ပွဲခေါင်းစဉ်များအဖြစ် ဘဝ၏ စိန်ခေါ်မှုများကို ကြံ့ကြံ့ခံ၍ လူ့အဖွဲ့အစည်းတွင် တန်းတူညီမျှ ပါဝင်လှုပ်ရှားနေမှုများ၊ လုပ်ငန်းခွင်၊ အနုပညာ၊ အားကစားနှင့် ဝါသနာများကို ကြိုးစားလုပ်ကိုင်နေမှုများ၊ အခက်အခဲများကြားမှ မလျော့သော ဇွဲလုံ့လနှင့် စွမ်းဆောင်ရည်များနှင့် စိတ်အားတက်ကြွဖွယ်ရာနှင့် ပျော်ရွှင်ဖွယ်ရာ အပြုသဘောဆောင်သော ပုံရိပ်များ ခေါင်းစဉ်လေးခုတွင် ပါဝင်နိုင်မည်ဖြစ်ပြီး ဗီဒီယိုကြာချိန် တစ်မိနစ်မှ သုံးမိနစ်အတွင်းဖြစ်ကြောင်း သိရသည်။
ဆုများအဖြစ် ပထမဆု ကျပ်လေးသိန်း၊ ဒုတိယဆု ကျပ်သုံးသိန်း၊ တတိယဆု ကျပ်တစ်သိန်းခွဲနှင့် နှစ်သိမ့်ဆု (၂) ဆု ကျပ်ငါးသောင်းစီချီးမြှင့်မည်ဖြစ်ကာ ပါဝင်ယှဉ်ပြိုင်ပြီး ဆုမရှိသူများကိုလည်း ဖုန်းဘေလ် (၅၀၀၀) ကျပ်စီ ချီးမြှင့်ပေးမည်ဖြစ်သည်။
ပြိုင်ပွဲဝင်ဗီဒီယိုများကို ဒီဇင်ဘာ (၅) ရက် ညနေ ၅နာရီအထိ နောက်ဆုံးထားပေးပို့နိုင်ပြီ အသေးစိတ်အချက်အလက်များကို လမ်းပြကြယ် (Guiding Star) ၏ လူမှုကွန်ယက်စာမျက်နှာ facebook ကတဆင့် ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။