နိုက်စ်ကို မာဆေးတို့ ဂိုးပြတ်အနိုင်ရတဲ့ဒါဘီပွဲတွင် မေဆင်ဂရင်းဝုဒ်ရဲ့ ဂိုးကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်
======================
မနေ့ညတုန်းက လီဂူး ၁ တွင် ခါးသီးတဲ့ ပြိုင်ဘက်နိုက်စ်အား မာဆေးက ၅-၁ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် မေဆင်ဂရင်းဝုဒ် ဂိုးသွင်းယူပြီးနောက် နှစ်ဖက်အသင်းအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။
ယူနိုက်တက်အကယ်ဒမီထွက် ကစားသမားဟာ မနေ့ညတုန်းက နိုက်စ်ကို ဂိုးပြတ် အနိုင်ရတဲ့ပွဲတွင် ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် လီဂူး ၁ ဂိုးသွင်းဘုရင်အဖြစ် ရပ်တည်လာပါတယ်။
သောကြာနေ့ညတုန်းကပွဲစဉ်တွင် မာဆေးဟာ ပွဲအစ ၁၁ မိနစ်တွင် အာဆင်နယ်နှင့် ချဲလ်ဆီးတိုက်စစ်မှူးဟောင်းအူဘာမီယန်ရဲ့ ဂိုးဖြင့် ပွဲကို ဦးဆောင်ပြီးနောက် ဂရင်းဝုဒ်က ဒုတိယဦးဆောင်ဂိုးထပ်မံ သွင်းယူခဲ့ပါတယ်။
အသက် ၂၄ နှစ်ရှိ ဂရင်းဝုဒ်ရဲ့ ပင်နယ်တီဧရိယာအတွင်း ညာခြေဖြင့် ကန်ချက်က လူထိပြီး လမ်းကြောင်းပြောင်းကာ ဂိုးဝင်သွားခဲ့တာလည်း ဖြစ်ပါတယ်။
ဂရင်းဝုဒ်နှင့် မာဆေးကစားသမားများဟာ နိုက်စ်ပရိသတ်များရှေ့သို့ သွားရောက်ကာ အောင်ပွဲခံခဲ့ပါတယ်။ ယင်းနောက်မှာတော့ နိုက်စ်ပရိသတ်တို့ အကြီးအကျယ် ဒေါသထွက်လာခဲ့ကြပြီး ဆိုးရွားတဲ့ အဖြစ်အပျက် ဖြစ်လာပါတော့တယ်။
RMC Sport ရဲ့ဖော်ပြမှုအရ မာဆေးနောက်ခံလူအီမာဆင်ပယ်မီရီဟာ နိုက်စ်ပရိသတ်တစ်ဦး ပစ်လိုက်တဲ့ မီးခြစ် ထိမှန်ခဲ့ကြောင်း သိရပါတယ်။
ဒိုင်လူကြီးက ယင်းမီးခြစ်ကို ပွဲကြီးကြပ်ရေး တာဝန်ရှိသူထံ ပေးခဲ့ပြီးနောက် နှစ်ဖက်အသင်းသားများအား ကွင်းဘေးစည်းတွင် စုစည်းလိုက်ပါတယ်။
ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ မာဆေးဂိုးသမားဂီရိုနီမိုရူလီနှင့် နိုက်စ်နောက်ခံလူအလီအယ်အက်ဒီတို့အကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကာ နှစ်ဦးလုံး အဝါကတ်ပြသခံခဲ့ရပါတယ်။
တဖက်တွင် နိုက်စ်က မေဆင်ဂရင်းဝုဒ် ဂိုးမသွင်းမီ အူဘာမီယန်က နောက်ခံလူဂျူမာဘာကို ပြစ်ဒဏ်ကျူးလွန်တယ်ဆိုပြီး စောဒကတက်ခဲ့ပါတယ်။
ဒါပေမယ့် VAR က ယင်းအဖြစ်အပျက်ကို စစ်ဆေးပြီးနောက် ဂရင်းဝုဒ်ရဲ့ ဂိုးအား ဂိုးအဖြစ် ခွင့်ပြုခဲ့ပါတယ်။
မာဆေးဟာ ပွဲချိန် ၅၃ မိနစ်တွင် ဂရင်းဝုဒ်ထပ်မံ ဂိုးသွင်းလို့ အနိုင်သေချာသွားခဲ့ပြီး တီမိုသီဝီယာနှင့် အိုင်ဂေါ်ပိုင်ဇာအိုတို့က ဂိုးထပ်မံသွင်းခဲ့ကြပါတယ်။
ဂရင်းဝုဒ်ဟာ နိုက်စ်နှင့် ဒါဘီပွဲစဉ်တွင် ၂ ဂိုးသွင်းယူနိုင်ပြီးနောက် လီဂူး ၁ ၁၃ ပွဲအပြီးတွင် သွင်းဂိုး ၁၀ ဂိုးဖြင့် ဂိုးသွင်းဘုရင်အဖြစ် ရပ်တည်လာပါတယ်။ ယူနိုက်တက်စတားဟောင်းဟာ ယခုရာသီတွင် ချန်ပီယံလိဂ်မှာလည်း ၁ ဂိုးသွင်းထားပါသေးတယ်။
သူဟာ ၂၀၂၄ ခုနှစ် နွေရာသီတွင် ယူနိုက်တက်မှ အပြီးသတ်ပြောင်းလာပြီးနောက် မာဆေးအတွက် ပထမဆုံးရာသီတွင် ၂၁ ဂိုးသွင်းကာ ပူးတွဲဂိုးသွင်းဘုရင်အဖြစ် ရပ်တည်ခဲ့သူလည်း ဖြစ်ပါတယ်။