နူးကမ့်ကွင်းသစ် ပထမဆုံးပွဲတွင် ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဘာစီလိုနာ
=====================

ဘာစီလိုနာဟာ ၂၀၂၃ ခုနှစ် မေလနောက်ပိုင်း ပထမဆုံးကစားတဲ့ နူးကမ့်ကွင်းပွဲစဉ်တွင် ဘီလ်ဘာအိုအား ၄-၀ ဂိုးဖြင့် အနိုင်ယူကာ လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးသို့ တက်လှမ်းလာပါတယ်။

နူးကမ့်ကွင်းသစ် ပထမဆုံးဂိုးကို ပွဲအစ ၄ မိနစ်မှာပင် ရောဘတ်လီဝန်ဒေါ့စကီးက သွင်းယူခဲ့ပါတယ်။

ယင်းနောက် ဖာရန်တောရက်စ်က လာမိန်းယာမဲလ်ရဲ့ ဖန်တီးမှု ၂ ကြိမ်ကနေ ၂ ဂိုးသွင်းခဲ့ပါတယ်။ လာမိန်းယာမဲလ်ဟာ ယခင်နူးကမ့်ကွင်းဟောင်းမှာ ကစားတုန်းက အသက် ၁၅ နှစ်ပဲ ရှိပါသေးတယ်။

ဘာစီလိုနာအတွက် ကျန်တစ်ဂိုးကို ဖာမင်လိုပက်ဇ်က သွင်းယူခဲ့ပါတယ်။ ဧည့်သည်ဘီလ်ဘာအိုဟာ လိုပက်ဇ်ဂိုးသွင်းပြီး ၆ မိနစ်အကြာမှာ အိုနီဟမ်ဆန်ဆက် အနီကတ်ပြထုတ်ပယ်ခံရလို့ တစ်ယောက်အလျှော့ဖြင့် ကစားခဲ့ရပါတယ်။

ဘာစီလိုနာဟာ နူးကမ့်ကွင်းသစ်မှာ ကစားခွင့်ရလာတယ်ဆိုပေမယ့် ပရိသတ်အပြည့်ဖြင့် ကစားခွင့်ရတာ မဟုတ်ဘဲ ပွဲကြည့်စင်အချို့ကို လုံခြုံရေးကြောင့် ပိတ်ထားရဆဲ ဖြစ်ပြီး ပရိသတ် ၄၅၁၅၇ ဖြင့်သာ ကစားခွင့်ရခဲ့တာပါ။

နူးကမ့်ကွင်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် အပြီးတည်ဆောက်ရန် စီစဉ်ထားခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် ရွှေ့ဆိုင်းလာခဲ့ရတာ ဖြစ်ပါတယ်။ ကွင်းအလုံးစုံ ပြီးစီးသွားချိန်မှာ ပရိသတ် ၁၀၅၀၀၀ အထိ လာကြည့်နိုင်ပါမယ်။

ဘာစီလိုနာဟာ လာလီဂါပွဲ ၁၃ အပြီး ရမှတ် ၃၁ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးသို့ တက်လှမ်းနိုင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ယနေ့ည အယ်ချီနှင့်ပွဲတွင် အနိုင်ရရှိပါက ဇယားထိပ်သို့ ပြန်လည် တက်လှမ်းနိုင်ပါမယ်။

ဘာစီလိုနာဟာ ၂၀၂၃ ခုနှစ် ဇွန်လတွင် နူးကမ့်ကွင်းကို ဖြိုချကာ အသစ်ပြန်လည်တည်ဆောက်နေစဉ်အတွင်း ပရိသတ် ၆၀၀၀၀ ဆန့် Olympic Stadium ကွင်းကို ငှားရမ်း အသုံးပြုနေခဲ့တာပါ။

၎င်းတို့ဟာ ယခုရာသီ အစောပိုင်းတုန်းက နူးကမ့်ကွင်းမှာ လုံခြုံရေး စိတ်ချရမှု မရှိမှုကြောင့် ပရိသတ် ၆၀၀၀ တည်းသာ ဆန့်တဲ့ ဂျိုဟန်ခရိုက်ဖ်ကွင်းတွင် အိမ်ကွင်းပွဲ ၂ ပွဲကစားခဲ့ရပါသေးတယ်။

image