ဟာကီမီအား ကြမ်းတမ်းစွာ ဖျက်ထုတ်မှုအတွက် ၃ ပွဲပယ်ခံလာရတဲ့ ဘိုင်ယန်စတားဒီယာ့ဇ်
===================

ဘိုင်ယန်မြူးနစ်တိုက်စစ်သမားလူးဝစ်ဒီယာ့ဇ်ဟာ ပီအက်စ်ဂျီနှင့်ပွဲစဉ်မှ အနီကတ်ကြောင့် ၃ ပွဲပယ်ခံလာရပြီးနောက် လာမယ့်အပတ် အာဆင်နယ်နှင့် ချန်ပီယံလိဂ်ပွဲစဉ်မှ စတင် ပွဲပယ်ပြစ်ဒဏ်ကျခံလာရပါမယ်။
ဒီယာ့ဇ်ဟာ နိုဝင်ဘာလ ၄ ရက်နေ့တုန်းက ပီအက်စ်ဂျီအား ၂-၁ ဖြင့် အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွင် ၂ ဂိုးလုံးကို သွင်းခဲ့ပေမယ့် ပထမပိုင်းပြီးခါနီးတွင် အာခရစ်ဖ်ဟာကီမီအား အလွန်အန္တရာယ်များတဲ့ ဖျက်ထုတ်မှု ပြုလုပ်မှုကြောင့် တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
မော်ရိုကိုလက်ရွေးစင်ဟာကီမီဟာ ယင်းဆိုးရွားတဲ့ ဖျက်ထုတ်မှုကြောင့် ခြေကျင်းဝတ်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ယင်းကတည်းက ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။
ယခုအခါ ယူအီးအက်ဖ်အေက ယင်းဖျက်ထုတ်မှုအား ဆိုးရွားတဲ့ ဖျက်ထုတ်မှုလို့ ယုံကြည်ကာ ဒီယာ့ဇ်အား ၃ ပွဲပယ်ပြစ်ဒဏ်ချမှတ်လာပြီ ဖြစ်ပါတယ်။
သူဟာ နိုဝင်ဘာလ ၂၆ ရက်နေ့ အာဆင်နယ်နှင့်ကစားရမယ့်ပွဲစဉ်အား စတင်လွဲချော်လာမှာ ဖြစ်ပြီး ဒီဇင်ဘာလ ၉ ရက်၊ ဇန်နဝါရီလ ၂၁ ရက်နေ့တို့တွင် စပို့တင်းလစ္စဘွန်း၊ ယူနီယံစိန့်ဂယ်လွိုက်စ်တို့အား ဧည့်ခံကစားရမယ့်ပွဲများကိုလည်း လွဲချော်လာပါမယ်။
ဘိုင်ယန်မြူးနစ်ဟာ ချန်ပီယံလိဂ် ၄ ပွဲ ကစားထားရာတွင် ၄ ပွဲလုံး အနိုင်ရထားပြီး ဂိုးကွာခြားချက်ဖြင့် အာဆင်နယ်၊ အင်တာမီလန်တို့အား ကျော်ဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ပါတယ်။
ဒီယာ့ဇ်ဟာ နွေရာသီတွင် လီဗာပူးမှ ပြောင်းလာပြီးနောက် ဘိုင်ယန်မြူးနစ်ရဲ့ ချန်ပီယံလိဂ် ၄ ပွဲတွင် ၃ ဂိုးသွင်းထားသလို ဘွန်ဒက်စ်လီဂါ ၁၀ ပွဲတွင်လည်း ၆ ဂိုးသွင်းထားပါတယ်။

image