ကွဲပြားတဲ့ နိုင်ငံအတွက် ကစားကာ ဟက်ထရစ် ၂ ကြိမ် သွင်းယူလာတဲ့ အီတလီဂန္ထဝင်ရဲ့ သား
=======================

ဂျီယန်လူဂီဘူဖွန်ရဲ့သားဟာ နိုင်ငံတကာပွဲစဉ်များအတွင်း ဟက်ထရစ် ၂ ကြိမ်သွင်းပြီး သူ့ရဲ့အလားအလာကောင်းများကို ပြသခဲ့ပါတယ်။
ဒါပေမယ့် သူဟာ ဖခင်ဖြစ်သူရဲ့ နိုင်ငံအတွက် ကစားပေးလာတာ မဟုတ်ဘဲ အခြားနိုင်ငံတစ်ခုအတွက် ဟက်ထရစ်တွေ သွင်းယူလာတာပါ။
စီနီယာဘူဖွန်က အီတလီအတွက် ဆယ်စုနှစ် နှစ်ခုကျော် ကစားခဲ့ကာ ၁၇၅ ပွဲကစားခဲ့သူ ဖြစ်ပါတယ်။
ဒါပေမယ့် သားဖြစ်သူ အသက် ၁၇ နှစ်ရှိ လူးဝစ်ကတော့ မိခင်ဖြစ်သူ အလီနာဆီရီဒိုဗာမှာ ချက်နိုင်ငံသူ ဖြစ်နေမှုနှင့်အတူ ချက်လူငယ်အသင်းအတွက် ကစားလာပါတယ်။
တိုက်စစ်မှူးအဖြစ်လည်း ကစားနိုင်တဲ့ တောင်ပံကစားသမားဟာ နိုဝင်ဘာလ နိုင်ငံတကာပွဲစဉ်များအတွက် ချက်ယူ-၁၉ အသင်းအတွက် ကစားလာပါတယ်။
သူဟာ ဗုဒ္ဓဟူးနေ့တုန်းက အဇာဘိုင်ဂျန်ယူ-၁၉ ကို ၆-၁ ဖြင့် အနိုင်ရတဲ့ပွဲရဲ့ ဒုတိယပိုင်းမှာ ဟက်ထရစ်သွင်းယူခဲ့ပါတယ်။
သူဟာ ဟက်ထရစ်သွင်းယူခဲ့တဲ့အပြင် ၁ ကြိမ်လည်း ဖန်တီးခဲ့တာကြောင့် ဂိုးသွင်းနိုင်သလို ဖန်တီးမှုစွမ်းရည်လည်းကောင်းကြောင်း ပြသနိုင်ခဲ့ပါတယ်။
သူဟာ ယင်းမတိုင်မီ မြောက်အိုင်ယာလန်ယူ-၁၉ နှင့်ပွဲမှာလည်း ၂၄ မိနစ်ကစားစဉ်အတွင်း ဟက်ထရစ်သွင်းယူကာ အကောင်းဆုံးပုံစံပြသခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ချက်ယူ-၁၉ အသင်းအတွက် ၇ ပွဲကစားထားရာတွင် ၆ ဂိုးအထိ သွင်းထားနိုင်ပြီလည်း ဖြစ်ပါတယ်။
ကလပ်အသင်းအဆင့်တွင် လူးဝစ်ဘူဖွန်ဟာ စီးရီးအေကလပ်ပီဆာ ပထမအသင်းသို့ တက်လှမ်းနိုင်ခြင်းတော့ မရှိသေးပါဘူး။
ဒါပေမယ့် သူဟာ ယခုရာသီ ပီဆာရဲ့ စီးရီးအေပွဲ ၂ ပွဲအတွက် အသင်းလူစာရင်းတွင် ရွေးချယ်ခံထားရပြီးလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း လူးဝစ်ဘူဖွန်အနေဖြင့် မကြာမီကာလအတွင်းတွင် ပီဆာပထမအသင်းအတွက် ပထမဆုံးပွဲ ကစားခွင့်ရလာတော့မယ်လို့ ယူဆရပါတယ်။

image