ကစားသမားဘဝမှ အနားယူလာတဲ့ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်ရ မန်စီးတီးအသင်းခေါင်းဆောင်ဟောင်း
===================

ဖာနန်ဒင်ဟိုဟာ ဘောလုံးသမားအဖြစ် ဆယ်စုနှစ် နှစ်ခုကျော် ဖြတ်သန်းစဉ်အတွင်း ဆုဖလားများစွာ ဆွတ်ခူးပြီးနောက် ကစားသမားဘဝမှ အနားယူရန် ဆုံးဖြတ်လာပြီ ဖြစ်ပါတယ်။
အသက် ၄၀ နှစ်ရှိ ဘရာဇီးလက်ရွေးစင်ဟောင်းဖာနန်ဒင်ဟိုဟာ ၂၀၂၂ ခုနှစ်တွင် အသင်းဟောင်း Athletico Paranaense တွင် ပြန်ကစားလာခဲ့ပြီးနောက် အနားယူရန် ဆုံးဖြတ်လာတာလည်း ဖြစ်ပါတယ်။
သူဟာ ၂၀၁၃ ခုနှစ်တွင် ရှက်တာဒိုးနက်စ်မှ ပြောင်းလာပြီးနောက် မန်စီးတီးတွင် ၉ ရာသီကြာ ကစားခဲ့သူ ဖြစ်ပါတယ်။ သူဟာ ယူကရိန်းကလပ်နှင့်အတူ ယူကရိန်းလိဂ်ဖလား ၆ ကြိမ်၊ ယူအီးအက်ဖ်အေဖလား ၁ ကြိမ် ဆွတ်ခူးခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ မန်စီးတီးတွင် ပယ်လီဂရီနီ၊ ဂွါဒီယိုလာတို့ရဲ့လက်အောက်တွင် အဓိက ကွင်းလယ်ကစားသမားအဖြစ် ကစားခဲ့သူ ဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ လိဂ်ဖလား ၆ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်၊ ကွန်မြူနတီဒိုင်း ၁ ကြိမ် ဆွ်ခူးခဲ့ပါတယ်။
သူဟာ ၂၀၂၂ ခုနှစ်တွင် မန်စီးတီးမှ ထွက်ခွာကာ Athletico Paranaense သို့ ပြန်ပြောင်းကစားခဲ့ပေမယ့် အသက်အရွယ်ကြောင့် အကန့်အသတ်ဖြင့်သာ ကစားခွင့်ရလာခဲ့ပါတယ်။
သူဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်းတွင် ကစားခွင့်လာခဲ့ခြင်း မရှိပါဘူး။
ယခုအခါမှာတော့ ရန်ပုံငွေပွဲတစ်ပွဲအပြီးတွင် ဖာနန်ဒင်ဟိုက "အနားယူလိုက်ပါပြီ။ ဒီကနေ့ မိနစ် ၃၀ ပြေးခဲ့တယ်။ အရမ်းမောနေခဲ့တယ်။ ဘောလုံးကစားဖို့ စိတ်အားထက်သန်စရာ မရှိတော့ဘူး။ ရနိုင်သမျှ အောင်မြင်မှုတွေလည်း ရခဲ့ပြီးပြီ။ အခု မိသားစုပျော်ရမယ့်အချိန်ရောက်လာပြီ"လို့ ပြောကြားသွားပါတယ်။
ဖာနန်ဒင်ဟိုဟာ ကလပ်နှင့် စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးမှု အဆင်မပြေ ဖြစ်ပြီးနောက် ကစားသမားဘဝမှ အနားယူရန် ဆုံးဖြတ်လာတာလည်း ဖြစ်ပါတယ်။

image