နိုင်ငံဝန်ထမ်းများ ပါတီနိုင်ငံရေးကင်းရှင်းပြီး ပြည်သူ့အကျိုးစီးပွားအတွက် ရှေးရှုဆောင်ရွက်ကြရန် လို

ပါတီနိုင်ငံရေးကင်းရှင်းပြီး နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များကို စောင့်ထိန်းလိုက်နာကာ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်အား ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွားအတွက် ရှေးရှုဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းဦးက ပြောသည်။
ယမန်နေ့က ကျင်းပသည့် ဝန်ထမ်းအဖွဲအစည်းအကြီးအမှူးသင်တန်း အမှတ်စဉ် (၁၂) သင်တန်းဆင်းပွဲ၌ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဌ ဦးစိုးမင်းဦးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ အတွေးသစ်၊ အမြင်သစ်များဖြင့် လိုက်ပါပြောင်းလဲဆောင်ရွက်ကြရန်၊ အလုပ်နှင့်ဘဝ ဟန်ချက်ညီအောင်ဖန်တီးနိုင်ပြီး အကြီး အမှူးကောင်းစိတ်ဓာတ်ဖြင့် မိသားစုအသွင် ဦးဆောင်လမ်းပြကြရန်၊ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ကြီးကြပ်ကွပ်ကဲမှု အနည်းဆုံးစွမ်းဆောင်နိုင်သူများဖြစ်ရန်၊ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်နှင့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းအလိုက် ချမှတ်ထားသော မူဝါဒလမ်းညွှန်ချက်များကို အောင်မြင်အောင် ကြိုးပမ်းအကောင်အထည်ဖော်ကြရန်လည်း ဦးစိုးမင်းဦးက ပြောကြားထားသည်။
နိုင်ငံတော်အစိုးရက အကောင်ထည်ဖော်သော လုပ်ငန်းများကို အဓိက လိုက်ပါအကောင်ထည်ဖော်ရသော ဝန်ထမ်းအဖွဲအစည်းအကြီးအမှူးများ ဖြစ်လာသည့်အခါ ပြည်သူလူထုအကျိုးကို ရှေးရှုပြီး တိုင်းပြည် ဖွံဖြိုးတိုးတက်ရန် ဦးစီးဦးဆောင်ပြု၍ စေတနာထား တာဝန်ထမ်းဆောင်ကြရန်လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။

image