တောင်ကိုရီးယား ခရီးသည်တင်သင်္ဘော သောင်တင်ပြီးနောက် လူ ၂၆၇ ယောက်ကို ကယ်ဆယ်
တောင်ကိုရီးယား ခရီးသည်တင် သင်္ဘောတစင်းဟာ နိုင်ငံအရှေ့တောင်ဘက် ကမ်းရိုးတန်းရှိ ကျောက်ဆောင်တွေပေါ်မှာ သောင်တင်ပြီးနောက် လိုက်ပါလာသူ ၂၆၇ ယောက်စလုံးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။
Queen Jenuvia 2 သင်္ဘောဟာ ကျောက်ဆောင်တခုပေါ်မှာ သောင်တင်ပြီး ရွေ့လျားနိုင်ခြင်း မရှိပေမယ့်လည်း လက်ရှိမှာ နစ်မြုပ်ခြင်း သို့မဟုတ် တိမ်းမှောက်မယ့် အန္တရာယ် မရှိဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီမတော်တဆမှုဟာ နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းက ဆီနန်ခရိုင်ရှိ ဂျန်ဆန်ကျွန်းအနီး ဖြစ်ပွားခဲ့တာပါ။ လူ ၂၇ ယောက် အနည်းငယ် ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူမရှိဘူးလို့ ကမ်းခြေစောင့်တပ်က ဆိုပါတယ်။ ကျယ်လောင်တဲ့ အသံတခု ထွက်ပေါ်လာပြီးနောက် သင်္ဘော တိမ်းစောင်းသွားတယ်လို့ ခရီးသည်တယောက်က ပြောပါတယ်။
တန်ချိန် ၂၆၀၀၀ ရှိတဲ့ Queen Jenuvia 2 သင်္ဘောဟာ အပန်းဖြေကျွန်း ဂျယ်ဂျူးမှ ထွက်ခွာပြီးနောက် မော့ပိုဆိပ်ကမ်းမြို့သို့ ဦးတည်ခုတ်မောင်းခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကမ်းခြေစောင့်တပ်ကတော့ ဒီရေတက်ချိန်မှာ သင်္ဘောကို ကမ်းကို ဆွဲဖို့စီစဉ်ထားပါတယ်။
သောင်တင်ခဲ့တဲ့ နေရာဟာ ၂၀၁၄ ခုနှစ်က လူ ၃၀၀ ကျော် သေဆုံးခဲ့သော ဆီဝိုလ် ခရီးသည်တင်သင်္ဘော နစ်မြုပ်မှုဖြစ်ပွားရာနေရာအနီးမှာရှိပြီး အဲဒီဖြစ်စဉ်မှာ ကျောင်းခရီးစဉ်အတွက် သွားရောက်နေတဲ့ ကျောင်းသားကလေးငယ် အများစုသေဆုံးခဲ့ကြပါတယ်။
ပြန်လည်ဆယ်ယူထားတဲ့ အဲဒီသင်္ဘောပျက်ကို သုံးနှစ်နီးပါးအကြာမှာ မော့ပိုဆိပ်ကမ်းကို ပြန်လည်သယ်ဆောင်ခဲ့ပါတယ်။