ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့ အသေးငယ်ဆုံးနိုင်ငံအဖြစ် ကူရာကာအို မှတ်တမ်းဝင်သွားပြီးနောက် ဂျာမေကာနည်းပြရာထူးမှ စတိဗ်မက္ကလာရင် နုတ်ထွက်လာ
==================

စတိဗ်မက္ကလာရင်ဟာ ကူရာကာအိုနှင့် ဂိုးမရှိသရေကျကာ ကမ္ဘာ့ဖလားခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်ခွင့် ဆုံးရှုံးခဲ့ရပြီးနောက် ဂျာမေကာနည်းပြရာထူးမှ နုတ်ထွက်လာပါတယ်။
လူဦးရေ ၁၅၀၀၀၀ ကျော်သာ ရှိတဲ့ ကူရာကာအိုဟာ Kingston တွင် ဂျာမေကာနှင့် ဂိုးမရှိသရေကျပြီးနောက် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့ အသေးငယ်ဆုံးနိုင်ငံအဖြစ် သမိုင်းမှတ်တမ်းဝင်သွားပါတယ်။
အင်္ဂလန်နည်းပြဟောင်းစတိဗ်မက္ကလာရင်ရဲ့ ဂျာမေကာဟာ ယခုပွဲတွင် အနိုင်ရရှိပါက တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်လာမှာ ဖြစ်ပြီး အိမ်ကွင်းမှာ ကစားရတာဖြစ်လို့ ရေပန်းစားခဲ့ပေမယ့်လည်း ဂန္ထဝင်နည်းပြအက်ဗိုကက်ကိုင်တွယ်နေတဲ့အသင်းငယ်လေးကို ဂိုးမသွင်းနိုင်ဘဲ့ ဂိုးမရှိသရေကျမှုနှင့်အတူ ပလေးအော့ဖ်မှ တဆင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ရေး ထပ်မံ ကြိုးပမ်းရတော့မှာ ဖြစ်ပါတယ်။
အသက် ၆၄ နစ်ရှိ ယူနိုက်တက်နည်းပြအဖွဲ့ဝင်ဟောင်းဟာ ပွဲပြီး သတင်းစာရှင်းလင်းပွဲတွင် ရာထူးမှ နုတ်ထွက်သွားမယ်လို့ ဆိုသွားပါတယ်။
မက္ကလာရင်က "ပြီးခဲ့တဲ့ ၁၈ လအတွင်းမှာ ဒီရာထူးအတွက် ဒီအလုပ်အတွက် အားလုံး ပေးဆပ်ခဲ့တယ်။ ဒီအလုပ်ရဲ့ ဂုဏ်သိက္ခာနဲ့ ဝန်ထုပ်ဝန်ပိုးကို လေးနက်တဲ့ လေးစားမှုနဲ့ ထပ်ပိုးခဲ့တယ်။ ဒီအသင်းကို ဦးဆောင်ခွင့်ရခဲ့တာ အကြီးကျယ်ဆုံးဂုဏ်ယူမှုတွေထဲကတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ဘောလုံးမှာ ရလဒ်က အရေးအကြီးဆုံးပါ။ ဒီည ကျွန်တော်တို့ ရည်မှန်းချက်ဖြစ်တဲ့ ဒီအုပ်စုက ခြေစစ်ပွဲအောင်မြင်ရေး မပြည့်လာဘူး။ ကျွန်တော့်အနေနဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ တာဝန်ယူရပါမယ်။ အသင်းရှေ့ဆက်ဖို့ အကောင်းဆုံး ဆုံးဖြတ်ချက်တွေ ချရမယ်။ ကျွန်တော်တို့ ရောက်နေတဲ့ နေရာ၊ သွားရမယ့်နေရာကို အရိုးသားဆုံး ဆန်းစစ်ပြီးတဲ့နောက် ဂျာမေကာနည်းပြရာထူးကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်"လို့ ပြောကြားသွားပါတယ်။
ဂျာမေကာဟာ ပရီးမီးယားလိဂ်နှင့် ချန်ပီယံရှစ်ကစားသမားအများစုဖြင့် စုဖွဲ့ထားရာ ခြေစစ်ပွဲအောင်မြင်ရန် ထိပ်ဆုံးမှ ရေပန်းစားခဲ့တာပါ။
ဒါပေမယ့် ကူရာကာအိုကို အဝေးကွင်းတွင် ရှုံးနိမ့်ပြီး ထရီနီဒတ်နှင့် တိုဘာဂိုနှင့် သရေကျပြီးနောက် ခြေစစ်ပွဲအောင်မြင်ရေး အထစ်အငေါ့ဖြစ်ခဲ့ပါတယ်။
၎င်းတို့ဟာ ယနေ့ပွဲစဉ်ရဲ့ ဒုတိယပိုင်းတွင် တိုင်ထိမှု ၃ ကြိမ်တိုင်တိုင် ဖြစ်ခဲ့တဲ့အပြင် အချိန်ပိုတွင် ပင်နယ်တီ ရရှိပြီးမှ VAR ရဲ့ ငြင်းပယ်ခြင်းခံခဲ့ရပါတယ်။

image