နောက်ခံလူ သုံးဦး ဒဏ်ရာပြဿနာကြုံနေရတဲ့ အာဆင်နယ်၊ သူတို့ ဒဏ်ရာပြင်းထန်သလား?
====================

နိုင်ငံတကာပွဲစဉ်များ အဆုံးသတ်လာပါပြီ။ အပျော်ဆုံးကတော့ အာဆင်နယ်နည်းပြမီခေးလ်အာတီတာပဲ ဖြစ်ပါလိမ့်မယ်။
ပရီးမီးယားလိဂ်ကို ဦးဆောင်နေတဲ့ အာဆင်နယ်ဟာ ဥရောပရဲ့ အကျစ်လုံး ခံစစ်ကို ပိုင်ဆိုင်ထားပေမယ့်လည်း အဓိကနောက်ခံလူ ၃ ဦး ဒဏ်ရာပြဿနာနှင့် ကြုံရကာ ခံစစ်အတွက် စိုးရိမ်မကင်း ဖြစ်နေပြီ ဖြစ်ပါတယ်။
ဂါဘရီရယ်နှင့် ရီကာဒိုကာလာဖီအိုရီတို့ ဒဏ်ရာကိုယ်စီရရှိကာ ဘရာဇီးနှင့် အီတလီအသင်းတွေမှ အသီးသီး နုတ်ထွက်ခဲ့ရပြီးတဲ့နောက် ဂျူရီယမ်တမ်ဘားမှာလည်း တနင်္လာနေ့ည လစ်သူယေးနီးယားကို နယ်သာလန်တို့ ၄-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာ ထပ်မံ ဒဏ်ရာရရှိသွားမှုနှင့်အတူ အာဆင်နယ်အတွက် ရေနစ်သူ ဝါးကူထိုးသလို ဖြစ်နေစေလျက်ရှိပါတယ်။
အာဆင်နယ်ဟာ လာမယ့် တနင်္ဂနွေနေ့မှာ မြောက်လန်ဒန်ဒါဘီပွဲစဉ်အဖြစ် စပါးစ်နှင့် ရင်ဆိုင်ရပါမယ်။
အာဆင်နယ်ဟာ နိုင်ငံတကာပွဲစဉ်များမတိုင်မီ ဆန်းဒါးလန်းနှင့် ၂ ဂိုးစီသရေကျတဲ့ပွဲစဉ်မတိုင်မီအထိ ပြိုင်ပွဲအရပ်ရပ် ၈ ပွဲဆက် ဂိုးမပေးရကာ ကလပ်စံချိန်တင်ထားနိုင်ခဲ့ပါတယ်။
ဘရာဇီးနောက်ခံလူဂါဘရီရယ်ဟာ တွဲဖက် ဝီလီယမ်ဆာလီဘာနှင့်အတူ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးခံစစ်အတွဲအဖြစ် ကစားလာတာ ရာသီအချို့ ရှိပြီဖြစ်ပြီး ယခုရာသီမှာလည်း အကောင်းဆုံးတွဲကစားထားနိုင်ပါတယ်။
အာဆင်နယ်ဟာ ယခုရာသီ ပရီးမီးယားလိဂ် ၁၁ ပွဲမှာ ၅ ဂိုးတည်းသာ ပေးထားရပါတယ်။ ဒါ့အပြင် ဘရာဇီးနောက်ခံလူဂါဘရီရယ်ဟာ ၂ ဂိုးလည်း သွင်းထားနိုင်သလို ပြိုင်ဘက်အသင်းတွေကို အလွတ်တည်ကန်ဘောမှတဆင့် ခြိမ်းခြောက်ထားနိုင်ပါတယ်။
ဒါပေမယ့် ဘရာဇီးအတွက် ကစားစဉ် သူ ဒဏ်ရာရရှိသွားမှုနှင့်အတူ အာဆင်နယ်အတွက် စိုးရိမ်စရာအချက်ပေးခေါင်းလောင်းထိုးသံ ဖြစ်လာစေခဲ့ပါတယ်။
ဒီကြားထဲ ဗူးလေးရာ ဖရုံဆင့်ဆိုသလို အသက် ၂၃ နှစ်ရှိ ကာလာဖီအိုရီက အီတလီအသင်းမှ နုတ်ထွက်ခဲ့ရပြီး မော်ဒိုဗာ၊ နော်ဝေတို့နှင့်ပွဲတွေမှာ မပါဝင်နိုင်ခဲ့ပါဘူး။
ဒါပေမယ့် အာဆင်နယ်အတွက် ကံကောင်းတာကတော့ ကာလာဖီအိုရီက ဒဏ်ရာအခြေအနေ ဆိုးရွားခြင်း မရှိတာကြောင့် တနင်္ဂနွေနေ့ည စပါးစ်နှင့်ပွဲမှာ ပါဝင်လာနိုင်ပါတယ်။
တဖက်မှာ နောက်ထပ် ထိုးနှက်ချက် ထပ်မံ ကြုံလာတာက လစ်သူယေးနီးယားကို အနိုင်ရတဲ့ပွဲမှာ နယ်သာလန်နောက်ခံလူတမ်ဘား ပထမပိုင်းမှာ ဆိုးရွားတဲ့ ဖျက်ထုတ်မှု ခံခဲ့ရပြီး
သူဟာ ပြတ်ရှ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး ဆရာဝန်ရဲ့ ဆေးကုသမှု ခံယူပြီးနောက် နောက်ထပ် မိနစ်သုံးဆယ်ကစားပေးခဲ့ပြီးမှ လူစာလဲခဲ့တာကြောင့် မြောက်လန်ဒန်ဒါဘီပွဲမှာ ပါဝင်နိုင်မယ်လို့ ယူဆရပါတယ်။
အာဆင်နယ်ဟာ တိုက်စစ်သမားများဖြစ်ကြတဲ့ ဗစ်တာယိုကီရေးစ်၊ ဂါဘရီရယ်မာတင်နယ်လီ၊ ကိုင်ဟာဗတ်ဇ်၊ နိုနီမာဒူကီအပြင် အသင်းခေါင်းဆောင်မာတင်အိုဒီဂတ်လည်း ဒဏ်ရာရရှိထားတာနဲ့ ကြုံနေရတာပါ။
တကယ်တော့ နိုင်ငံတကာပွဲတွေကြောင့် ဒဏ်ရာပြဿနာကြုံနေရတာ အာဆင်နယ်တစ်သင်းတည်း မဟုတ်ပါဘူး။
ဗီလာ၊ ပဲလေ့စ်နှင့် ဘန်လေတို့လည်း ခေါင်းကိုက်နေကြပါတယ်။
ပဲလေ့စ်နောက်ခံလူမာ့ခ်ဂူဟီ၊ ဗီလာနောက်ခံလူအက်ဇ်ရီကွန်ဆာတို့ဟာ ဒဏ်ရာကြောင့် အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၂ ပွဲလုံးမှာ ပါဝင်ကစားနိုင်ခဲ့ကြခြင်း မရှိပါဘူး။
ဂူဟီဟာ အယ်ခမာနှင့် ကွန်ဖရင့်လိဂ်ပွဲမှာ ခြေချောင်းဒဏ်ရာရရှိသွားပြီးနောက် အင်္ဂလန်အသင်းမှ နုတ်ထွက်ခဲ့ရပါတယ်။ ကွန်ဆာမှာလည်း ပေါင်ကြွက်သားဒဏ်ရာကြောင့် အယ်ဘေးနီးယားသို့ သွားကစားရတဲ့ပွဲသို့ မလိုက်ပါနိုင်ခဲ့ပါဘူး။
ဒါ့အပြင် ဘန်လေတွင် နေရာရရှိရေး ရုန်းကန်နေရတဲ့ အာမန်ဒိုဘရိုဂျာမှာလည်း တနင်္ဂနွေနေ့ည အင်္ဂလန်ကို ရှုံးနိမ့်တဲ့ပွဲမှာ ဒဏ်ရာပြင်းထန်စွာ ရရှိပြီး လူနာတင်ထမ်းစင်နဲ့ ကွင်းအတွင်းမှ ထွက်ခဲ့ရပါတယ်။
အသက် ၂၄ နှစ်ရှိ ချဲလ်ဆီးတိုက်စစ်မှူးဟောင်းဟာ ကစားသမားဘဝအတွင်း ဒဏ်ရာပြဿနာများကြောင့် ပွဲ ၈၀ ကျော် လွဲချော်ထားသူ ဖြစ်ပါတယ်။ သူဟာ ဆယ်မိနစ်တည်းသာ ကစားနိုင်ခဲ့ပြီးနောက် ကွင်းမှ ထွက်ခဲ့ရတာလည်း ဖြစ်ပါတယ်။

image