နည်းပညာပူဖောင်း စိုးရိမ်မှုများကြောင့် ခရစ်ပ်တိုဈေးကွက်တွင် ခြောက်ပတ်အတွင်း ဒေါ်လာ ၁ ထရီလီယံကျော် ဆုံးရှုံး၊ လိမ်လည်မှုများ ပေါ်ပေါက်လာ
စတော့ဈေးကွက်တွင် ဉာဏ်ရည်တု(AI) နည်းပညာပူဖောင်း ပေါ်ပေါက်လာမည်ကို စိုးရိမ်မှုများ မြင့်တက်လာသဖြင့် ကမ္ဘာတစ်ဝန်းရှိ ရင်းနှီးမြှုပ်နှံသူများသည် စိုးရိမ်ပူပန်နေကြပြီး Google ၏ အကြီးအကဲကပင် ယင်းပူဖောင်းပေါက်ပါက "မည်သည့်ကုမ္ပဏီမျှ ကင်းလွတ်မည်မဟုတ်" ဟု သတိပေးခဲ့သည်။
အဆိုပါ နည်းပညာပူဖောင်းနှင့် လာမည့်လတွင် အမေရိကန်နိုင်ငံတွင် အတိုးနှုန်းဖြတ်တောက်မှု မျှော်လင့်ချက်များ မှေးမှိန်လာမှုတို့ကြောင့် လွန်ခဲ့သည့် ရက်သတ္တခြောက်ပတ်အတွင်း ခရစ်ပ်တိုငွေကြေးဈေးကွက်တန်ဖိုး ဒေါ်လာ ၁ ထရီလီယံ (ပေါင် ၇၆၀ ဘီလီယံ) ကျော် ကျဆင်းသွားခဲ့သည်။ ထို့အတူပင် ခရစ်ပ်တို လိမ်လည်မှုများလည်း များစွာ ပေါ်ပေါက်လာခဲ့သည်။
CoinGecko ဒေတာကုမ္ပဏီ၏ အဆိုအရ ခရစ်ပ်တိုငွေကြေး အမျိုးအစားပေါင်း ၁၈,၅၀၀ ကျော်ကို ခြေရာခံရာ ခရစ်ပ်တိုဈေးကွက်၏ တန်ဖိုးသည် အောက်တိုဘာလအစောပိုင်းတွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီးနောက် ယခုအခါ လေးပုံတစ်ပုံမျှ ထပ်မံကျဆင်းသွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ခရစ်ပ်တိုငွေကြေး
ကြော်ငြာများကို ချင့်ယုံကြရန် သတိပေးထားသည်။
ဘစ်ကွိုင်၏ တန်ဖိုးသည် ထိုကာလအတွင်း ၂၇% ကျဆင်းခဲ့ပြီး ၎င်း၏တန်ဖိုးမှာ ဒေါ်လာ ၉၁,၂၁၂ ဖြင့် ဧပြီလနောက်ပိုင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။
ဗြိတိန်၏ ထိပ်တန်း FTSE 100 အညွှန်းကိန်း သည် အင်္ဂါနေ့တွင် ၁.၂% ကျဆင်းခဲ့ပြီး လေးရက်ဆက်တိုက် ကျဆင်းခြင်းဖြစ်သည်။ အကြီးဆုံးကုမ္ပဏီများကို ခြေရာခံသည့် Stoxx Europe 600 သည် ၁.၂% ကျဆင်းခဲ့သည်။
ယင်းသည် အာရှတွင် သိသိသာသာ ကျဆင်းမှုများနောက်တွင် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ဂျပန်နိုင်ငံ၏ Nikkei 225 အညွှန်းကိန်း သည် ၃.၂% ကျဆင်းခဲ့သည်။
ဟောင်ကောင်၏ ဟန်းဆန်း(Hang Seng) အညွှန်းကိန်း သည် ၁.၇% ကျဆင်းခဲ့သည်။
Google ၏ မိခင်ကုမ္ပဏီဖြစ်သော Alphabet ၏ အကြီးအကဲ Sundar Pichai က ဘီဘီစီနှင့် အင်တာဗျူးတစ်ခုတွင် လက်ရှိ AI ခေတ်စားမှုတွင် "မဆင်မခြင် ဖြစ်နေခြင်း" များရှိနေကြောင်း ပြောကြားခဲ့သည်။ AI ပူဖောင်းပေါက်ပါက "ကျွန်ုပ်တို့အပါအဝင် မည်သည့်ကုမ္ပဏီမျှ ကင်းလွတ်မည်မဟုတ်" ဟု သူက သတိပေးခဲ့သည်။
Klarna ၏ အမှုဆောင်အရာရှိချုပ် Sebastian Siemiatkowski ကလည်း ယခုသီတင်းပတ်အတွင်း သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ကွန်ပျူတာ အခြေခံအဆောက်အအုံများတွင် ငွေကြေးအမြောက်အမြား သုံးစွဲနေခြင်းက သူ့ကို "စိုးရိမ်ပူပန်စေသည်" ဟု သတိပေးခဲ့သည်။
သူက Financial Times ကို ပြောကြားရာတွင် “သူတို့ [OpenAI] ဟာ ကုမ္ပဏီတစ်ခုအနေနဲ့ အရမ်းအောင်မြင်နိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဒီဒေတာစင်တာတွေမှာ ရင်းနှီးမြှုပ်နှံမှုပမာဏကြီးမားတဲ့အတွက် ကျွန်တော် အရမ်းစိုးရိမ်မိတယ်။ ဒါက ကျွန်တော် စိုးရိမ်မိတဲ့ အထူးအရာပဲ” ဟု ဆိုသည်။
Klarna ပူးတွဲတည်ထောင်သူက ချစ်ပ်ထုတ်လုပ်သည့် Nvidia အပါအဝင် AI ကုမ္ပဏီများတန်ဖိုးတက်လာခြင်းသည်လည်း စိုးရိမ်စရာရင်းမြစ်တစ်ခုဖြစ်သည်ဟု ထပ်လောင်းပြောကြားခဲ့သည်။ Nvidia သည် ယခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် စျေးကွက်တန်ဖိုး ဒေါ်လာ ၄ ထရီလီယံသို့ ရောက်ရှိခဲ့ပြီး နောက်ပိုင်းတွင် Apple နှင့် Microsoft တို့ကလည်း လိုက်ပါခဲ့သည်။
လက်ရှိတွင် AI ပူဖောင်းသည် စတော့ဈေးကွက်တွင် အလွန်အန္တရာယ်ရှိသည့် အန္တရာယ်များထဲမှ တစ်ခုအဖြစ် ရှုမြင်ခံနေရပြီး Bank of America ၏ စစ်တမ်းတစ်ခုအရ ၎င်းတို့ စစ်တမ်းကောက်ယူခဲ့သည့် ငွေကြေးမန်နေဂျာများအနက် ၄၅% က AI ပူဖောင်းသည် အကြီးဆုံး အန္တရာယ်ဖြစ်သည်ဟု ယုံကြည်ကြသည်။
ထုံးတမ်းစဉ်လာအရ ဘေးကင်းလုံခြုံသည့် ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ထားသော ရွှေစျေး သည်လည်း ကျဆင်းနေသည်။ အင်္ဂါနေ့နံနက်ပိုင်းတွင် ရွှေ၏ လက်ငင်းဈေးနှုန်းသည် ၀.၃% ကျဆင်းပြီး တစ်အောင်စလျှင် $4,033.29 သို့ ရောက်ရှိခဲ့ရာ တစ်ပတ်အတွင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။
ဤကျဆင်းမှုသည် အမေရိကန်ပြည်ထောင်စု ဗဟိုဘဏ် (US Federal Reserve) မှ လာမည့်လတွင် အတိုးနှုန်းများကို ဖြတ်တောက်မည့် မျှော်လင့်ချက်များ မှေးမှိန်လာခြင်းကြောင့် ဖြစ်သည်။ အတိုးနှုန်း မြင့်မားခြင်းအရ ရွှေသည် အကျိုးအမြတ် မပေးသော သတ္တုဖြစ်သည့်အတွက် ဆွဲဆောင်မှု နည်းပါးစေသည်။
သို့သော်လည်း ဆွစ်ဇာလန် ရင်းနှီးမြှုပ်နှံမှုဘဏ် UBS မှ လေ့လာသုံးသပ်သူ Giovanni Staunovo က ရွှေစျေးသည် ပိုမိုကျဆင်းနိုင်သော်လည်း မကြာမီ ပြန်လည်နာလန်ထူလာမည်ဟု ပြောကြားခဲ့သည်။
“ဗဟိုဘဏ်တွေရဲ့ ရွှေကို ကိုင်တွယ်မယ့်အစီအစဉ်တွေက ဆက်လက်အားကောင်းနေပြီး လာမယ့် သုံးလပတ် တစ်လျှောက်မှာ ပြည်ထောင်စုဘဏ်က အတိုးနှုန်းအကြိမ်များစွာ ဖြတ်တောက်တာကို ကျွန်တော် တွေ့နေရဆဲဖြစ်လို့ ရွှေစျေးနှုန်းတွေ မကြာခင်မှာ အနိမ့်ဆုံးအဆင့်ကို ရောက်ရှိမယ်လို့ မျှော်လင့်ပါတယ်” ဟု သူက ပြောကြားခဲ့သည်။