ရိန်းဂျားနည်းပြဟောင်းကလီမန့်ကို နည်းပြသစ်အဖြစ် နော့ဝှစ်ချ် ခန့်အပ်လာ
=====================
နော့ဝှစ်ချ်ဟာ ရိန်းဂျားနည်းပြဟောင်းဖီးလစ်ပီကလီမန့်ကို သုံးနှစ်ခွဲ စာချုပ်ဖြင့် နည်းပြသစ်အဖြစ် ခန့်အပ်လာပါတယ်။
အသက် ၅၁ နှစ်ရှိ ဘယ်လ်ဂျီယံလူမျိုးနည်းပြဟာ နိုဝင်ဘာလ ၈ ရက်နေ့တုန်းက အိမ်ကွင်းတွင် လက်စတာကို ၂-၁ ဖြင့် ရှုံးနိမ့်ပြီးနောက် ၁၇ ပွဲတည်းသာ ကိုင်တွယ်ခွင့်ရခဲ့ကာ ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ နည်းပြလီယန်မန်နင်းနေရာမှာ အစားထိုးခန့်အပ်ခြင်းခံလာရတာလည်း ဖြစ်ပါတယ်။
နော့ဝှစ်ချ်ဟာ ချန်ပီယံရှစ်ပွဲစဉ် ၁၅ အပြီးတွင် ရမှတ် ၉ မှတ်တည်းသာ ရရှိထားကာ ဇယားကြမ်းခင်းမှ ရေတွက်လျှင် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
၎င်းတို့ဟာ ယခုရာသီ အိမ်ကွင်းပွဲအားလုံးနှင့် ရှုံးထွက်ဖလားပွဲအားလုံးလည်း ရှုံးနိမ့်ထားပါသေးတယ်။
နော့ဝှစ်ချ်ဟာ ကလီမန့်အပြင် နည်းပြအဖွဲ့ဝင်ထဲမှာ စတီဖင်ဗာဒါဟေဒန်ကိုလည်း ခန့်အပ်လာပါတယ်။
ကလီမန့်ဟာ ရိန်းဂျားကို ၁၆ လတာ ကိုင်တွယ်စဉ်အတွင်း စကော့တလန်လိဂ်ဖလားနှင့် ယူရိုပါလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်သို့ ၂ ကြိမ်တက်ရောက်နိုင်အောင် စွမ်းဆောင်ခဲ့ပေမယ့် ဖေဖော်ဝါရီလတုန်းက ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
သူဟာ ရိန်းဂျားအသင်းကို ကိုင်တွယ်စဉ်အတွင်း အနိုင်ရာခိုင်နှန်ုး ၆၄ ရာခိုင်နှုန်းအထိ ရရှိခဲ့သူလည်း ဖြစ်ပါတယ်။
ကလီမန့်ဟာ ဘီဗီရန်၊ ဂျန့်နှင့် ကလပ်ဘရုဂျက်တို့ကို ကိုင်တွယ်ခဲ့ဖူးပြီး ပရိုလိဂ် ၃ ကြိမ်တိုင်တိုင် ဆွတ်ခူးခဲ့ဖူးပါတယ်။
ကစားသမားဘဝတုန်းက ဘယ်လ်ဂျီယံအတွက် ၃၈ ပွဲကစားခွင့်ရခဲ့တဲ့သူဟာ ၁၉၉၈-၉၉ ရာသီတုန်းက ကိုဗင်ထရီအတွက် ပရီးမီးယားလိဂ်ပွဲ ၁၂ ပွဲကစားပေးခဲ့ပါတယ်။