မြိတ်မြို့တွင် တက္ကသိုလ်ကျောင်းသား/ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေး
တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်အတွင်းနေထိုင်ကာ မဲဆန္ဒနယ်ပြင်ပသို့သွားရောက်၍ကျောင်းတက်မည့် တက္ကသိုလ်ကျောင်းသား/ကျောင်းသူများသည် ယနေ့ နိုဝင်ဘာ ၁၇ ရက်နံနက်ပိုင်းက စုပေါင်းရုံးခန်းမ၌ ကြိုတင်ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။
" ဒီနေ့မနက်ပိုင်းကစပြီး မဲဆန္ဒနယ်ပြင်ပကိုသွားပြီး ကျောင်းသွားတက်ကြမယ့် ကျောင်းသား၊ ကျောင်းသူတွေ ဆန္ဒမဲပေးတာကိုဆောင်ရွက်တာပါ။ သက်ဆိုင်ရာ ပါတီကိုယ်စားလှယ်တွေကိုလည်းဖိတ်ပြီး ကြိုတင်မဲပေးခြင်းဆောင်ရွက်ပါတယ်။ ကျောင်းသားတွေ ကြိုတင်ဆန္ဒမဲပေးတာကို နိုဝင်ဘာ ၁၇ ရက်ကနေ ၂၁ ရက်အထိဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်”ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက ပြောသည်။
တက္ကသိုလ်ကျောင်းသား/ကျောင်းသူများသည် ၎င်းတို့၏ ကျောင်းဝင်ခွင့်အထောက်အထားနှင့် သတ်မှတ်စာရွက်စာတမ်းများပြသ၍ ကြိုတင်ဆန္ဒမဲလက်မှတ်များထုတ်ယူပြီး လျှို့ဝှက်ဆန္ဒပြုခန်းတွင် ၎င်းတို့ကြိုက်နှစ် သက်သည့် ကိုယ်စားလှယ်လောင်းကိုဆန္ဒပြုမဲပေးခဲ့ကြကြောင်း သိရသည်။