ATP ဖိုင်နယ် ချန်ပီယံဆုကို ဆင်နာရယူ
------------------

အီတလီနိုင်ငံ တူရင်မြို့မှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ အမျိုးသားတင်းနစ် ရာသီပိတ်ပြိုင်ပွဲဖြစ်တဲ့ ATP ဖိုင်နယ် ဗိုလ်လုပွဲမှာ ကမ္ဘာ့အဆင့် ၂ ဆင်နာအနိုင်ရပြီး ချန်ပီယံဆုကို ဆက်ထိန်းသွားပါတယ်။ အခုနှစ် ATP ဖိုင်နယ်ရဲ့ ဗိုလ်လုပွဲမှာ ၂၀၂၅ မှာ တင်းနစ်လောကကို ကြီးစိုးထားတဲ့ ကမ္ဘာ့အဆင့် ၁ စပိန်နိုင်ငံသား အယ်ကာရက်ဇ်နဲ့ ကမ္ဘာ့အဆင့် ၂ အီတလီနိုင်ငံသား ဆင်နာတို့ ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး အကြိတ်အနယ်ရှိတဲ့ ပွဲကောင်းတစ်ပွဲကို ပရိသတ်တွေ မြင်တွေ့ခံစားခဲ့ကြရပါတယ်။
ဆင်နာကတော့ အီတလီပရိသတ်တွေရဲ့ အပြည့်အဝအားပေးမှုနဲ့အတူ ပွဲကို အကောင်းဆုံးကစားနိုင်ခဲ့သလို အယ်ကာရက်ဇ်ကလည်း ပြိုင်ဘက်ကို အကောင်းဆုံး တုန့်ပြန်သွားနိုင်ခဲ့ ပါတယ်။ ပွဲကစားချိန် ၂ နာရီနဲ့ ၁၅ မိနစ်ကြာ အကြိတ်အနယ်ယှဉ်ပြိုင်အပြီးမှာတော့ ဆင်နာက အယ်ကာရက်ဇ်ကို (၇း၆၊၇း၅) ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် အမြင့်ဆုံးဆုကြေးဖြစ်တဲ့ ဒေါ်လာ ၅ သန်းကျော် ကိုပါရရှိသွားခဲ့ပါတယ်။
အခုလိုအောင်မြင်မှုမျိုးကို သူ့အသင်းရဲ့ အကူအညီတွေမပါဘဲနဲ့ မရနိုင်ဘူးလို့ ဆင်နာက ဆုလက်ခံရယူအပြီးမှာ ပြောသွားခဲ့ပါတယ်။ အယ်ကာရက်ဇ်လို ကစားသမားမျိုးနဲ့ ယှဉ်ပြိုင်ရတဲ့ ပွဲတိုင်းက အမြဲတမ်းခက်ခဲခဲ့ပြီး အခုညမှာလည်း အယ်ကာရက်ဇ်က သူ့ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသသွားနိုင်ခဲ့ ပါတယ်လို့လည်း ဆင်နာက ပြောသွားခဲ့ပါတယ်။

image