ဂျာမနီနှင့် နယ်သာလန်အသင်းတို့ ထပ်မံ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်လာ
======================
ဂျာမနီနှင့် နယ်သာလန်တို့ဟာ ပြိုင်ဘက် ဆလိုဗက်ကီးယားနှင့် လစ်သူယေးနီးယားတို့ကို ဂိုးပြတ် အနိုင်ယူကာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်လာပါတယ်။
ဂျာမနီဟာ ဆလိုဗက်ကီးယားကို ၆-၀ ဂိုးဖြင့် နိုင်ယူကာ ခြေစစ်ပွဲအောင်မြင်လာတာ ဖြစ်ပြီး နယ်သာလန်ကလည်း လစ်သူယေးနီးယားကို ၄-၀ ဖြင့် အနိုင်ယူကာ ခြေစစ်ပွဲအောင်မြင်လာတာပါ။
ဂျူလီယန်နာဂျယ်မန်းရဲ့ ဂျာမနီဟာ ဆလိုဗက်ကီးယားကို သရေကျရုံဖြင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်လာမှာ ဖြစ်ပေမယ့် တဖက်တွင် ဆလိုဗက်ကီးယားတို့သာ အနိုင်ရလာရင် ပလေးအော့ဖ်ကစားရမယ့်အခြေဆိုက်လာမှာဖြစ်လို့ အရေးပါတဲ့ပွဲလည်း ဖြစ်နေပါတယ်။
လိုက်ဇစ်မှာ ကစားတဲ့ပွဲစဉ်မှာ ပွဲအစ ၁၈ မိနစ်မှာပင် နယူးကာဆယ်တိုက်စစ်မှူးဝယ်တီမိတ်က ကမ်မစ်ချ်ရဲ့ ဖြတ်တင်ဘောကနေ ခေါင်းအပြင်းတိုက်ချက်ဖြင့် ဂိုးသွင်းခဲ့လို စောစောစီးစီး ဂိုးရရှိခဲ့ပါတယ်။ ဝယ်တီမိတ်ဟာ သောကြာနေ့တုန်းက လူဇင်ဘတ်နှင့်ပွဲမှာလည်း ၂ ဂိုးသွင်းခဲ့သူ ဖြစ်ပါတယ်။
ယင်းနောက် ၂၉ မိနစ်မှာ ဂိုရက်ဇ်ကာရဲ့ ပေးပို့မှုကနေ ဂနာဘရီက ဒုတိယဂိုးသွင်းခဲ့သလို ၃၆ မိနစ်နဲ့ ၄၁ မိနစ်မှာ ဆာနေးက ဖလိုရီယန်ဝါ့ဇ်ရဲ့ ဖန်တီးမှုတွေမှ တဆင့် ၂ ဂိုးထပ်သွင်းခဲ့လို့ ပထမပိုင်းမှာတင် ဂျာမနီတို့ ၄-၀ ဖြင့် အနိုင်ရနေခဲ့ပါတယ်။ ယင်းနောက် ဒုတိယပိုင်း ၆၇ မိနစ်နဲ့ ၇၉ မိနစ်တို့မှာ ဘာကူးနှင့် အူဒရိုဂိုတို့က ၆-၀ ဖြစ်စေမယ့် ဂိုးတွေကို ထပ်မံ သွင်းခဲ့ကြပါတယ်။
ကမ္ဘာ့ဖလား ၄ ကြိမ် ချန်ပီယံ ဂျာမနီဟာ ယခုပွဲမှာ အားရစရာကောင်းတဲ့ တိုက်စစ်ကစားဟန်ကိုသာမက ကျစ်လစ်တဲ့ ခံစစ်ကိုလည်း ပြသနိုင်ခဲ့ပြီး ၄ ပွဲဆက် ဂိုးမပေးရတဲ့ပွဲ ပိုင်ဆိုင်ခဲ့ပါယ်။
တဖက်တွင် နယ်သာလန်ကလည်း လစ်သူယေးနီးယားကို သက်တောင့်သက်သာဖြင့် အိမ်ကွင်းမှာ အနိုင်ယူကာ ခြေစစ်ပွဲအောင်လာပါတယ်။
ရှုံးပွဲမရှိသေးတဲ့ နယ်သာလန်ဟာ ဒုတိယနေရာက ပိုလန်ကို ၃ မှတ်ဖြတ်ထားတဲ့အပြင် ဂိုးကွာခြားချက် ၁၃ ဂိုးအထိ ရှိနေတာကြောင့် သက်တောင့်သက်သာဖြင့် ကစားသွားနိုင်ခဲ့ပါတယ်။
ထူးခြားတာကတော့ အခုပွဲမှာ နယ်သာလန်အတွက် ဂိုးသွင်းခဲ့တဲ့ ကစားသမား ၄ ဦးလုံးက ပရီးမီးယားလိဂ်မှာ ကစားနေတာပါ။ ဒါက ဘောလုံးပွဲတစ်ပွဲမှာ ပထမဆုံးအကြိမ် ဖြစ်ပျက်လာတာလည်း ဖြစ်ပါတယ်။
ဒီပွဲမှာ နယ်သာလန်ရဲ့ ဂိုးတွေကို မန်စီးတီးရဲ့ တီဂျာနာရိုင်ဒါ၊ လီဗာပူးရဲ့ ကိုဒီဂတ်ပို၊ စပါးစ်ရဲ့ ဇာဗီးဆိုင်မွန်၊ ဗီလာရဲ့ ဒွန်ယဲလ်မာလန်တို့က သွင်းခဲ့ကြတာပါ။
တဖက်တင် ဒုတိယနေရာက ပိုလန်က မော်တာကို ၃-၂ ဖြင့် အဝေးကွင်းမှာ အနိုင်ရခဲ့ပေမယ့်လည်း ပလေးအော့ဖ်ကစားရပါမယ်။