ပါလက်စတိုင်းနိုင်ငံ မရှိစေရဘူးဟု အစ္စရေးဝန်ကြီးချုပ်ပြော
----------------------

အချုပ်အခြာ အာဏာပိုင် ပါလက်စတိုင်း နိုင်ငံဆိုတာ လုံးဝ ရှိမလာစေရဘူးလို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ရာဟုက ထပ်လောင်း ပြောကြားခဲ့တာကို Reuters သတင်းမှာဖော်ပြထားပါတယ်။
ပါလက်စတိုင်း နယ်မြေတစ်ခုဖြစ်တဲ့ ဂါဇာကမ်းမြှောင်ဒေသရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အမေရိကန်က တင်ပြ မယ့် အဆိုပြုချက် တစ်ခုကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မဲခွဲဆုံးဖြတ်ဖို့ ပြင်ဆင်နေချိန်မှာ နေတန်ရာဟုက အခုလို ပြောဆိုခဲ့တာပါ။ အမေရိကန်ရဲ့ အဆိုပြုချက်မှာတော့ ပါလက်စတိုင်းကို လွတ်လပ်တဲ့ နိုင်ငံတစ်ခုအဖြစ် ထူထောင်ပိုင်ခွင့် လမ်းကြောင်းမျိုး ဖွင့်လှစ်ပေးနိုင်ခြေကို ထည့်သွင်းထားပါတယ်။
လက်ယာစွန်း အမျိုးသားရေး ဝါဒီတစ်ဦးဖြစ်တဲ့ နေတန်ရာဟုက ပါလက်စတိုင်းနိုင်ငံ ပေါ်ထွန်းလာရေးဆိုတဲ့ ကိစ္စကို အစဉ်တစိုက် ဆန့်ကျင်ခဲ့သူ ဖြစ်ပါတယ်။ သူက ပါလက်စတိုင်းနိုင်ငံ ဖြစ်ထွန်းလာတယ် ဆိုတာဟာ အကြမ်းဖက် အဖွဲ့အစည်း ဟားမာ့စ်ကို ဆုချလိုက်တာနဲ့ တူတူပဲဖြစ်ကြောင်း၊ အစ္စရေး နိုင်ငံ ပိုင်နက်နားမှာ ဟားမာ့စ် ခြယ်လှယ်တဲ့ ပိုပြီး ကြီးမားတဲ့ နယ်မြေတစ်ခု ပေါ်ထွန်းလာတာသာ ဖြစ်နိုင်ကြောင်း ဝေဖန်ထားပါတယ်။
အမေရိကန်ရဲ့ အဆိုပြုချက်ထဲမှာတော့ ဂါဇာမှာ ဒေသတည်ငြိမ်ရေး ကူညီစောင့်ရှောက်မယ့် နိုင်ငံတကာ တပ်ဖွဲ့ တစ်ခု ဖြန့်ကျက်ရေး ဆိုတာ ပါဝင်ပါတယ်။ ဒါပေမဲ့ ဟားမာ့စ်နဲ့ တခြား ပါလက်စတိုင်း အဖွဲ့အစည်းတွေ ကတော့ အမေရိကန်ရဲ့ အဆိုပြုချက်ဟာ အစ္စရေးဖက်ကို သိသိသာသာ ယိမ်းနေပြီး ပါလက်စတိုင်းတွေရဲ့ ကိုယ်ပိုင် ဆုံးဖြတ် ပိုင်ခွင့်တွေကို ပိတ်ပင်ရာ ရောက်နေတယ်လို့ ဝေဖန် ထောက်ပြထားပါတယ်။

image