Grade 5 ၊ Grade 9 ၊ Grade 11 အတန်းတွေကို အကျစနစ် ကျင့်သုံးမယ်
Grade 5 ၊ Grade 9 ၊ Grade 11 အတန်းတွေကို မအောင်မရှိ စနစ်အစား စာမေးပွဲ အကျစနစ်ကို ကျင့်သုံး အကောင်ထည်ဖော် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပညာရေးအဝိုင်းမှ သိရပါတယ်။
အဆိုပါ အကျစနစ် ကျင့်သုံးမှုကိုတော့ ယခု ပညာသင်နှစ်မှာ စတင်ဆောင်ရွက် သွားမှုရှိမရှိနဲ့ နောက်နှစ် ပညာသင်နှစ်မှာမှ စတင်ကျင့်သုံးမှုရှိမလား ဆိုတာကိုတော့ ပညာရေးဝန်ကြီးဌာန ကတရားဝင်ကြေငြာသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
" ခုနှစ် မစဖြစ်ရင် နောက်ပညာသင်နှစ်တော့စမှာ သေချာပါတယ် ။ အကျစနစ် ကိုလုပ်သင့်တာ ကြာပါပြီ။ ကျွန်တော်တို့ကတော့ အတန်းတိုင်းကို အကျစနစ် လုပ်စေချင်တယ် ။ဒါမှ ကလေးတွေ အမှန်တကယ် တတ်မြောက်မယ် ။အခုက တနှစ်ပြီး အောင်သွားကြတယ် ။ဘာမှမတတ်ဘူး ။ " လို့ ပညာရေးဝန်ထမ်း တယောက်ကပြောပါတယ်။
အဆိုပါ အတန်းတွေမှာ အကျစနစ်ကို ယခုပညာသင်နှစ်မှာသာ စတင် ကျင့်သုံးပါက သက်ဆိုင်ရာ အတန်းအလိုက် စာမေးပွဲကျရှုံးမယ့် ကျောင်းသား ကျောင်းသူတွေများနိုင်ကြောင်း သုံးသပ်မှုတွေ လည်းရှိနေပါတယ်။
" ကလေးတွေ တန်းစီပြီး ကျမယ့်အခြေအနေရှိတယ်။ ဖြစ်နိုင်ရင် နောက်နှစ်မှ စတာက ပိုပြီး သင့်တော်မယ့် အခြေအနေရှိပါတယ်။ ပြင်ဆင်ချိန်ရသွားမယ်လေ ။အကျရှိတယ်ဆိုတာ သိသွားရင် ပိုပြီးကြိုးစားလာမယ် ။ခုနှစ်ကတော့ စာသင်ရမယ့်ကာလ သိပ်မကျန်တော့ဘူး ။" လို့ ပညာရေးအသိုင်းအဝိုင်းမှ ဆရာတယောက်ကပြောပါတယ်။
ဒါအပြင် Grade 5 ၊ Grade 9 ၊ Grade 11 ကျောင်းသူ ကျောင်းသားတွေကို စာမေးပွဲမှာ အကျစနစ်လုပ်ဆောင်မယ်ဆိုပါက တနိုင်ငံလုံးအတွက် မေးခွန်းတစုံတည်း ထုတ်ပြီး စာမေးပွဲ အဖြေလွှာ စစ်ဆေးမှုကို အစိုးရမှ စစ်ဆေးပြီး အောင်ချက်ထုတ်ပြန် ပေးဖို့ ပညာရေးအသိုင်းအဝိုင်းက ဆရာ ဆရာမတွေမှ အကြံပြု ပြောဆိုမှု ရှိနေပါတယ်။
အစိုးရစစ် စာမေးပွဲ မဟုတ်ဘဲ သက်ဆိုင်ရာ ကျောင်းအလိုက်ဆရာမတွေကသာ မေးခွန်းထုတ်ပြီး အဖြေလွှာစစ်ပါက ကျောင်းသားတွေ အောင်ခြင်း ၊ ကျခြင်း နဲ့ပတ်သက်ပြီး မိဘနဲ့ ဆရာ ၊ဆရာမ တွေအကြား ၊ ပြည်သူတွေအကြား အငြင်းပွားမှုးတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။
" အကျစနစ် လုပ်တာကိုကြိုဆိုတယ် ။ဒါပေမယ့် အစိုးရ ဗဟိုစစ်မဟုတ်ဘဲ ဒီကျောင်းက ဆရာမကပဲ ပြန်စစ်မယ်ဆိုရင် ငါ့ကျူရှင်တက်တဲ့ ငါ့တပည့်ဆိုပြီး အအောင်ပေးတာမျိုးတွေ ၊ တမင် စာမေးပွဲချလိုက်တာတွေ၊ ကျလို့ ကုစားပြန်ဖြေခိုင်းပြီး အအောင်ပေး တာမျိုးတွေ ရှိမလာဘူးလို့ မပြောနိုင်ဘူး ။ ရှိလာမှာပဲ ။ဒါဆိုရင် ပြောစရာဖြစ်လာလိမ့်မယ် ။ ကျွန်တော်တို့ကတော့ အစိုးရစစ်လုပ်စေချင်တယ် ။ " လို့ ကျောင်းဆရာ တယောက်က အကြံပြုပြောပါတယ်။
Grade 5 ၊ Grade 9 ၊ Grade 11အတန်းတွေကို အကျစနစ် ကျင့်သုံးမယ်အပေါ် ကျောင်းသားမိဘအများစုကလည်း လက်ခံမှုရှိကြပြီး ဆရာဆရာမတွေအနေနဲ့ ကလေးတွေ စာတတ်မြောက်အောင် စနစ်တကျ သင်ကြားပြသ ပေးစေလိုကြောင်း နဲ့ စာမေးပွဲကို မှန်မှန်ကန်ကန် စစ်ဆေးပေးဖို့ ပြောဆိုပါတယ်။
" ကလေးတွေကအခု ကျောင်းတက်တယ် ။အချိန်တန်တော့ အောင်သွား တယ် ။နောက်တတန်းထပ်တက်ပေါ့ ။ ကျောင်းပြီးတာနဲ့ တကယ်ကို တတ်မြောက်စေချင်တယ်။ ငယ်ငယ် ကတည်းက အင်္ဂလိပ်စာ သင်နေရပြီး ဆယ်တန်းအောင်တော့လည်း ကောင်းကောင်းမပြောတတ် နားမလည်တာ သိပ်သဘာဝမကျဘူး ။အများကြီးတတ်ဖို့ မဟုတ်ပါဘူး ။အခြေခံကို မကောင်းဖြစ်နေလို့ပါ ။ တချို့ ဆရာ ဆရာမတွေက ကျူရှင်ကျမှ သင်ချင်တယ် ။ကျောင်းမှာ သိပ်မသင်ဘူး ။ သူ့ကျူရှင်မတက်ရင် ကလေးကို မကြည်တာမျိုးကလည်းရှိတယ် ။ " လို့ G9 ကျောင်းသားတယောက်ရဲ့ မိခင်က မှတ်ချက်ပြု ပြောပါတယ် ။
ယခုလို G5 ၊ G9 နဲ့ G 11 အတန်းတွေကို အကျစနစ် ကျင့်သုံးခြင်းဟာ အမှန်တကယ် စားကြိုးစားတဲ့ ကျောင်းသား ကျောင်းသူကို စစ်ထုတ်ပေးခြင်းဖြစ်သလို ကြိုးစားအားထုတ်မှု နည်းတဲ့ ကျောင်းသား ကျောင်းသူတွေကိုလည်း စာကြိုးစားချင်စိတ်ဖြစ်လာအောင် လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့ ပညာရေးအသိုင်းအဝိုင်းက ဆိုပါတယ်။
ဒါမှသာ Grade 12 တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှုနူန်းလည်း မြင့်တက်လာနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။