အပြေးအားကစားသမား (၉၈၁) ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် RUNDERFUL BAGAN TEMPLE RUN 2025 အပြေးပြိုင်ပွဲ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေ၌ (နိုဝင်ဘာ ၁၅)ရက် နံနက်ပိုင်းက ကျင်းပသည့် RUNDERFUL BAGAN TEMPLE RUN 2025 မာရသွန်အပြေးပြိုင်ပွဲအား အပြေးအားကစားသမား (၉၈၁) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း RUNDERFUL BAGAN TEMPLE RUN ထံမှ သိရသည်။
အဆိုပါပြိုင်ပွဲကို (၂၀၂၃)ခုနှစ်က စတင်ကျင်းပခဲ့ခြင်းဖြစ်ကာ ယခုနှစ်သည် တတိယအကြိမ်မြောက်လည်း ဖြစ်သည်။
ပြိုင်ပွဲတွင် ၄၂ ကီလိုမီတာတန်း၊ ၂၁ ကီလိုမီတာတန်းနှင့် ၁၀ ကီလိုမီတာတန်းဖြင့် ပုဂံမြို့ရှိ တောင်ဘီကျေးရွာ အာနန္ဒာဘုရားကြီး၊တောင်ဘက်မုခ် ကွင်းပြင်မှ တာထွက် တာဝင် သတ်မှတ်ကာ ယှဉ်ပြိုင်ခဲ့ကြခြင်းလည်း ဖြစ်သည်။
၁၀ ကီလိုမီတာတန်းတွင် အမျိုးသား၊အမျိုးသမီး (၄၁၁) ဦး၊ ၂၁ ကီလိုမီတာတန်းကို အမျိုးသား၊အမျိုးသမီး (၄၆၀) ဦးနှင့် (၄၂) ကီလိုမီတာတန်းကို အမျိုးသား၊အမျိုးသမီး (၁၁၀) စုစုပေါင်း (၉၈၁) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲ၌ ဆုရရှိသူများကို ဆုကြေးအဖြစ် (၁၀) ကီလိုမီတာတန်း၌ ပထမဆု ၅သိန်း၊ဒုတိယဆု ၃သိန်း၊တတိယဆု ၂သိန်း၊ ၂၁ကီလိုမီတာတန်း၌ ပထမဆု ၇သိန်း၊ဒုတိယဆု ၅သိန်း၊တတိယဆု၃သိန်း ပေးအပ်ခဲ့သည်။
ထို့ပြင် (၄၂) ကီလိုမီတာတန်း၌ ပထမဆု ၁၀ သိန်း၊ဒုတိယဆု ၇သိန်း၊တတိယဆု ၅သိန်းချီးမြှင့်ပေးခဲ့ကြောင်းလည်း သိရသည်။