ကိတ်ဗာဒီနဲ့ပွဲမှာ ဆာလာကို အနားပေးသွားမယ်လို့ အီဂျစ်ဘောလုံးအဖွဲ့ချုပ် အတည်ပြု
အီဂျစ်ဘောလုံးအဖွဲ့ချုပ်က ဒီနေ့ည ယှဉ်ပြိုင်ကစားမယ့် ကိတ်ဗာဒီနဲ့ပွဲမှာ အသင်းခေါင်းဆောင် တိုက်စစ်မှူး ဆာလာ ပါဝင်မှာမဟုတ်ဘဲ အနားပေးသွားမယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။
အီဂျစ်အသင်းဟာ အခုလ နိုင်ငံတကာရက်သတ္တပတ်မှာ ကိတ်ဗာဒီ၊ အီရန်၊ ဥဇဘက်ကစ္စတန်တို့နဲ့အတူ အယ်လ်အိန်းအင်တာနေရှင်နယ်ဖလားလို့ အမည်ရတဲ့ ခြေစမ်းပြိုင်ပွဲကို ယှဉ်ပြိုင်ကစားနေတာပါ။
အဲဒီပြိုင်ပွဲကို ယူအေအီးနိုင်ငံက အိမ်ရှင်အဖြစ် ပြုလုပ်နေတာဖြစ်ပြီး ဆီမီးဖိုင်နယ်အဆင့်က စတင်တဲ့ ဒီပြိုင်ပွဲမှာ အီဂျစ်က ဥဇဘက်ကစ္စတန်ကို (၀-၂)ဂိုးနဲ့ ရှုံးခဲ့တာကြောင့် ကိတ်ဗာဒီနဲ့ တတိယလုပွဲသာ ယှဉ်ပြိုင်ရတော့မှာဖြစ်ပြီး အီရန်နဲ့ ဥဇဘက်ကစ္စတန်က ဗိုလ်လုပွဲကစားရမှာပါ။
ဆာလာဟာ ဥဇဘက်ကစ္စတန်ကို ရှုံးနိမ့်တဲ့ပွဲမှာ ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပေမဲ့ ကိတ်ဗာဒီနဲ့ပွဲမှာ ပါဝင်မှာမဟုတ်ကြောင်း အီဂျစ်ဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့ပြီး တောင်ပံကစားသမား ဇီဇိုနဲ့ ကွင်းလယ်ခံစစ်ကစားသမား ဖာသီတို့လည်း ဒဏ်ရာပြဿနာကြောင့် ပါဝင်နိုင်မှာမဟုတ်ကြောင်း အတည်ပြုခဲ့ပါတယ်။
အီဂျစ်အသင်းဟာ အောက်တိုဘာလ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ ယှဉ်ပြိုင်စဉ်ကလည်း ဆာလာကို တစ်ပွဲသာ အသုံးပြုခဲ့ကြောင်း သိရပါတယ်။