နိုက်ကလပ် ပစ်ခတ်မှုအတွက် ထောင်ဒဏ်ချမှတ်ခံလာရတဲ့ တချိန်တုန်းက ကမ္ဘာ့လုပ်ခအများဆုံးကစားသမားစာရင်းဝင် ပြင်သစ်စတားဟောင်း
===================

၁၉၉၉ ခုနှစ်တုန်းက ပြင်သစ်ရဲ့ လုပ်ခအများဆုံးကစားသမားစာရင်းဝင်တစ်ဦးဟာ နိုက်ကလပ်တစ်ခုတွင် ပစ်ခတ်မှုဖြင့် ထောင်ဒဏ် ၅ နှစ်ချမှတ်ခြင်းခံလာရပါတယ်။
ဘောလုံးလောကမှ အနားယူပြီးတဲ့နောက် ကစားသမားဟောင်းတွေဟာ နည်းပြလောက သို့မဟုတ် ဘောလုံးဝေဖန်ရေးသမားလောကသို့ ဝင်ရောက်လေ့ရှိကြပါတယ်။
ဒါပေမယ့် ပြင်သစ်လက်ရွေးစင်ဟောင်းတစ်ဦးကတော့ အခြားသူတွေနဲ့မတူဘဲ မတူညီတဲ့ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းခဲ့ပါတယ်။
တိုနီဗိုင်ရယ်လက်စ်က ၁၉၉၈ ခုနှစ်မှ ၂၀၀၀ ခုနှစ်အတွင်း ပြင်သစ်အတွက် ၈ ပွဲကစားခွင့်ရခဲ့တဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။
ယခုအခါ အသက် ၅၂ နှစ်ရှိပြီဖြစ်တဲ့ တိုနီဗိုင်ရယ်လက်စ်ဟာ လီဂူး ၁ ကလပ်တွေ ဖြစ်တဲ့ နန်စီ၊ လန်းစ်နဲ့ ဘော်ဒိုးတို့မှာ နာမည်ကြီးခဲ့တဲ့သူ ဖြစ်ပါတယ်။
၁၉၉၉ ခုနှစ်တုန်းက သူဟာ တစ်ပတ်လုပ်ခ ပေါင် ၂၁၁၅၃ အထိ ရရှိပြီး ထိုခေတ်ထိခါတုန်းက ပြင်သစ်လီဂူး ၁ ရဲ့ လုပ်ခအများဆုံးကစားသမားစာရင်းမှာ အဆင့် ၇ နေရာမှာ ရပ်တည်ခဲ့သူလည်း ဖြစ်ပါတယ်။
ထိုစဉ်တုန်းက သူ့လုပ်ခက ပရီးမီးယားလိဂ်ဂန္ထဝင်တွေဖြစ်ကြတဲ့ အလန်ရှီးယား၊ မိုက်ကယ်အိုဝင်တို့ရဲ့ လုပ်ခထက် ပိုများပါတယ်။
သူဟာ ၂၀၁၁ ခုနှစ်မှာ နိုက်ကလပ်တစ်ခုမှာ ပစ်ခတ်မှု တစ်ခု ပြုလုပ်ပြီးနောက် ကစားသမားဘဝမှ အနားယူခဲ့ရပါတယ်။
သူဟာ ၂၀၁၁ ခုနှစ် အောက်တိုဘာလတုန်းက Meurthe-et-Mosell ရှိ နိုက်ကလပ်တစ်ခုတွင် လုံခြုံရေးဝန်ထမ်း ၃ ဦးကို ဒဏ်ရာရရှိအောင် ပစ်ခတ်မှုအတွက် ၂၀၂၂ ခုနှစ်မှာ ထောင်ဒဏ် စုစုပေါင်း ၅ နှစ် ချမှတ်ခြင်းခံခဲ့ရပါတယ်။
တိုက်စစ်မှူးဟောင်းဟာ ထောင်ဒဏ် ၃ နှစ်နှင့် ကျန် ၂ နှစ်ကို ဆိုင်းငံ့ထောင်ဒဏ်အဖြစ် ချမှတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
ယင်းအမှုကို အခင်းဖြစ်ပြီးနောက် ၁၁ နှစ်တိုင်တိုင် စစ်ဆေးခဲ့ရပါတယ်။
သူ့ရဲ့ ညီအစ်ကိုတွေ ဖြစ်ကြတဲ့ ဖာဘရစ်၊ ဂျမ်မီ၊ ဂျီယိုဗန်တို့မှာလည်း ယင်းအမှုတွင် ပါဝင်ပတ်သက်မှုအတွက် ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။
တိုနီကဲ့သို့ပင် ဖာဘရစ်က ထောင်ဒဏ် ၅ နှစ်ချမှတ်ခံရပြီး ဂျမ်မီနှင့် ဂျီယိုဗန်က သုံးနှစ်ချမှတ်ခံခဲ့ရပါတယ်။ ယင်းမှ ထောင်ဒဏ် ၂ နှစ်ကို ဆိုင်းငံ့ထောင်ဒဏ်အဖြစ် ချမှတ်ခံခဲ့ရတာပါ။
တိုနီကတော့ ယင်းပစ်ခတ်မှုမှာ သူ့ညီအစ်ကိုတွေ မပါဝင်ဘူးလို့ အမြဲတမ်း ထွက်ဆိုခဲ့တာလည်း ဖြစ်ပါတယ်။
France Info ရဲ့ ဖော်ပြမှုအရ တိုနီဟာ ၂၀၁၂ ခုနှစ်တုန်းက ရုံးတင်စစ်ဆေးမှုအကြို အဖြစ် ထောင်ဒဏ် ၅ လ ကျခံခဲ့ရပါတယ်။
ယင်းနောက်ပိုင်း ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ယင်းသတင်းစာကပင် နန်စီအယူခံတရားရုံးက တိုနီကို ထောင်ဒဏ် ၃၆ လချမှတ်လိုက်ကာ ၁၈ လအား ဆိုင်းငံ့အဖြစ် ချမှတ်လိုက်ကြောင်း ဖော်ပြခဲ့ပါတယ်။
၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် La Depeche ရဲ့ ဖော်ပြမှုအရ တိုနီဟာ ထောင်ဒဏ် ၁၈ လပြစ်ဒဏ်နှင့် လက်နက်ကိုင်ဆောင်ခွင့် ၅ နှစ်ပိတ်ပင်မှုအား အယူခံဝင်ခဲ့ပေမယ့် Court of Cassation က ပယ်ချခဲ့ကြောင်း သိရပါတယ်။
တိုနီနှင့် ညီအစ်ကိုတွေရဲ့ ပစ်ခတ်မှု ခံခဲ့ရတဲ့ နိုက်ကလပ် လုံခြုံရေးတို့မှာလည်း အပြစ်ရှိကြောင်း တွေ့ရှိရကာ ၁ ဦးမှာ ဆိုင်းငံ့ထောင်ဒဏ် ၆ လ၊ ကျန် ၂ ဦးမှာ ဆိုင်းငံ့ထောင်ဒဏ် ၈ လအသီးသီး ချမှတ်ခံခဲ့ရပါတယ်။

image