ရွေးကောက်ပွဲ ဝင်ခွင့် အသနားခံစာကို UEC က ပယ်ချလိုက်တယ်လို့ ဒေါ်သက်သက်ခိုင်က ပြော
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ၎င်းရဲ့ ရွေးကောက်ပွဲ ဝင်ခွင့်ရရေး အသနားခံစာကို ပယ်ချလိုက်ပြီ ဖြစ်တယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က VOM ကို ပြောပါတယ်။
“ကျွန်မရဲ့ အသနားခံစာကို ပ လပ်လိုက်ပါတယ်။ UEC က နိုဝင်ဘာ ၂ ရက်နေ့က အကြောင်းပြန်တာပါ။ အခုက ကျွန်မတယောက်တည်း ရွေးကောက်ပွဲ မဝင်ရတာ ဖြစ်ပါတယ်။ ကျန်တဲ့ ကိုယ်စားလှယ်လောင်း ၆၇၂ ယောက်က ရွေးကောက်ပွဲ ဝင်ရပါတယ်” လို့ ဒေါ်သက်သက်ခိုင်က ပြောပါတယ်။
ဒေါ်သက်သက်ခိုင်ဟာ ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈ (ဃ) ပါ ပြဋ္ဌာန်းချက်နဲ့ ငြိစွန်းနေတဲ့အတွက် ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့က UEC က ထုတ်ပြန်တဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း စာရင်းကနေ ပယ်ဖျက်ခံလိုက်ရတာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈ (ဃ) သတ်မှတ်ချက်အရ ကိုယ်စားလှယ်လောင်း တယောက်ဟာ “နိုင်ငံတော်နှင့် ပုဂ္ဂလိကသို့ မသင့်လျော်သည့် ပေးရန်တာဝန်များ ကင်းရှင်းသူ” ဖြစ်ရမယ်လို့ ဖော်ပြထားပြီး အဲဒီပုဒ်မဟာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက ပြန်လည် ပြင်ဆင်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေမှာ ထပ်တိုး သတ်မှတ်ထားတာ ဖြစ်ပါတယ်။
UEC အနေနဲ့ ကိုယ်စားလှယ်လောင်းတွေကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့မှာ သက်သေခံကတ်ပြား ထုတ်ပေးခဲ့တာဖြစ်ပါတယ်။
အောက်တိုဘာ ၂၁ ရက်၊ ညပိုင်းမှာတော့ ဒေါ်သက်သက်ခိုင်ကို ကိုယ်စားလှယ်လောင်း စာရင်းကနေ ပယ်ဖျက်လိုက်တယ် ဆိုပြီး အကြောင်းကြားခဲ့တာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ ရွေးကောက်ပွဲ ကြေညာစာတမ်း မိတ်ဆက်ခြင်း အခမ်းအနားမှာ ဒေါ်သက်သက်ခိုင်က မီဒီယာတွေကို အသိပေး ပြောကြားခဲ့ဖူးပါတယ်။
ဒါကြောင့် အောက်တိုဘာ ၂၄ ရက်နေ့မှာ ဒေါ်သက်သက်ခိုင်က UEC ကို အသနားခံစာ တကြိမ် တင်ခဲ့သလို ပုဒ်မ ၈ (ဃ) ပါ ပြဋ္ဌာန်းချက်နဲ့ ငြိစွန်းနေတဲ့ အကြောင်းအရာဖြစ်တဲ့ ကမ္ဘောဇဘဏ်ကို ပေးရမယ့် အကြွေးတွေထဲက ကျပ်သိန်း ငါးသောင်းကိုလည်း အောက်တိုဘာ ၃၀ ရက်နေ့မှာ ကနဦး ပေးဆပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလို ကမ္ဘောဇဘဏ်ကို ကျပ် သိန်း ငါးသောင်း ပေးဆပ်ခဲ့ပြီး တပြိုင်နက်တည်းမှာပဲ UEC ကို ဒုတိယအကြိမ် အသနားခံစာ တင်ခဲ့တာ ဖြစ်ပေမယ့် လက်ရှိမှာတော့ အယူခံ ပယ်ချခံလိုက်ရပြီ ဖြစ်တယ်လို့ သိရပါတယ်။
“ကျွန်မ ရွေးကောက်ပွဲ ဝင်မပြိုင်နိုင်တော့ပေမယ့် ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌအနေနဲ့ အလုပ် လုပ်နေပါတယ်။ အခုက အောင်နိုင်ရေး ကာလဆိုတော့ အောင်နိုင်ရေး ကာလအတွက် ဦးဆောင်ပြီး ဆောင်ရွက်နေတယ်။ မဲဆွယ်စည်းရုံးတဲ့ နေရာမှာလည်း အခက်အခဲ မရှိပါဘူး။ ရွေးကောက်ပွဲ လုံခြုံရေး တပ်ဖွဲ့တွေလည်း ရှိပါတယ်။ ပြည်သူလူထုကလည်း ကြိုဆိုကြပါတယ်။ မဲဆွယ် စည်းရုံးရေးအတွက် ကျွန်မတို့ UEC ကိုလည်း စာတင်၊ အထွေထွေ အုပ်ချုပ်ရေးမှူးကိုလည်း စာတင်ပြီးမှ ခွင့်ပြုမိန့်ရမှ ဆောင်ရွက်တာ ဖြစ်ပါတယ်” လို့ ဒေါ်သက်သက်ခိုင်က ပြောပါတယ်။
လက်ရှိမှာ ပြည်သူ့ရှေ့ဆောင်ပါတီ အနေနဲ့ ပြည်သူ့လွှတ်တော်မှာ ၁၉၃ ယောက်၊ အမျိုးသားလွှတ်တော်မှာ ၁၄၄ ယောက်၊ တိုင်း/ပြည်နယ် လွှတ်တော်မှာ အယောက် ၃၂၀၊ တိုင်းရင်းသားလူမျိုးမှာ ၁၄ ယောက်၊ စုစုပေါင်း ကိုယ်စားလှယ်လောင်း ၆၇၂ ယောက်၊ UEC ရဲ့ အသိအမှတ်ပြုခြင်းကို ခံရပြီးဖြစ်တယ်လို့ သိရပါတယ်။
အခု ရွေးကောက်ပွဲအတွက် UEC ကို စာရင်းတင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၅၀၂၃ ယောက် ရှိခဲ့ပြီး ဥပဒေနဲ့မညီလို့ ပယ်ဖျက်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၈၆ ယောက် ရှိတယ်လို့ UEC က ထုတ်ပြန်ထားပါတယ်။