ထိုင်းမှာ ဓါတုကန်ထဲ သန့်ရှင်းရေးလုပ်ရင်း မြန်မာလုပ်သားနှစ်ယောက် သေဆုံး
ထိုင်းနိုင်ငံ ကရာဘီပြည်နယ်၊ ပလိုင်းဖရားခရိုင်ရှိ ကုမ္ပဏီတခု ဓာတုဗေဒကန်တခုကို သန့်ရှင်းရေးလုပ်နေစဉ် အဆိပ်ဓာတ်ငွေ့တွေ ရှူရှိုက်မိပြီးနောက် မြန်မာလုပ်သားနှစ်ယောက် သေဆုံးပြီး တယောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မြန်မာလုပ်သား အမျိုးသားသုံးယောက်ဟာ သန့်ရှင်းရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ဟိုက်ဒရိုဂျင်ဆာလဖိုက် ရှိတေဲ့ ဓာတုဗေဒကန်ထဲကို ဆင်းသွားခဲ့ကြရင်း အဆိပ်ဓာတ်ငွေ့ကို အလွန်အကျွံ ရှူရှိုက်မိပြီး တွင်းထဲမှာ မေ့မြောသွားခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။
ကုမ္ပဏီ၊ ဒေသခံရဲတပ်ဖွဲ့၊ ခရိုင်အရာရှိတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက အရေးပေါ် ကယ်တင်မှုတွေ ပြုလုပ်ခဲ့ရာမှာ အသက် ၂၂ နှစ်အရွယ် ကိုပိုင်ဆိုတဲ့ အလုပ်သမားကို အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပြီး ဖလိုင်းဖရားဆေးရုံးကို ပို့ပေးထားပါတယ်။
အသက် ၂၄ နှစ်အရွယ် ရှိုင်းလင်းအောင်နဲ့ အသက် ၂၅ နှစ်အရွယ် ကျော်လင်းဦးတို့ကတော့ တွင်းထဲမှာ ပိတ်မိနေခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့တွေက အပူတပြင်းကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ပေမယ့် အခင်းဖြစ်ရာနေရာမှာ သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ရဲစုံစမ်းစစ်ဆေးရေးမှူးတွေ၊ ပြည်နယ်အလုပ်သမားကာကွယ်ရေးနဲ့ စက်မှုလုပ်ငန်းအာဏာပိုင်တွေဟာ မတော်တဆမှု အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုစတင်နေပြီး ဝမ်းနည်းဖွယ် ဒီလိုဖြစ်ရပ်တွေ ထပ်မံမဖြစ်ပွားဖို့ အစီအမံတွေ ချမှတ်သွားမယ်လို့ ဆိုပါတယ်။