ထိုင်းနှင့် အငြင်းပွားနေသည့် နယ်စပ်ဒေသတွင် တင်းမာမှုမြင့်တက်လာသဖြင့် ကမ္ဘောဒီးယားက ရာနှင့်ချီသည့်ဒေသခံများကို ဘေးလွတ်ရာရွှေ့ပြောင်း
ထိုင်းနှင့် အငြင်းပွားနေသည့် နယ်စပ်ဒေသတွင် တင်းမာမှုများမြင့်တက်လာသဖြင့် ကမ္ဘောဒီးယားအာဏာပိုင်များက နယ်စပ်အနီးရှိ ကျေးရွာတစ်ရွာမှ ရာနှင့်ချီသည့် ဒေသခံများကို နိုဝင်ဘာ ၁၃ ရက်တွင် ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့သည်။
နှစ်နိုင်ငံနယ်စပ်တွင် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့သဖြင့် ကမ္ဘောဒီးယား ဘက်ခြမ်းရှိ အဆိုပါကျေးရွာမှ ဒေသခံတစ်ဦး သေဆုံးခဲ့ပြီးနောက် ယခုကဲ့သို့ ဒေသခံများကို နေရာရွှေ့ပြောင်းပေးခဲ့ခြင်းဖြစ်သည်။
နယ်စပ်ဒေသ၏ ကင်းလှည့်သည့်နေရာ တစ်ခုတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိုင်းစစ်သားတစ်ဦး ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ပြီးနောက် နှစ်ရက်အကြာဖြစ်သည့် နိုဝင်ဘာ ၁၂ ရက်တွင် အပြန်အလှန်ပစ်ခတ် တိုက်ခိုက်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုမြေမြှုပ်မိုင်းသည် အသစ်မြှုပ်နှံထားသည့် မြေမြှုပ်မိုင်းဖြစ်ကြောင်းနှင့် စစ်သား တစ်ဦးခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ကာ အခြားစစ်သားသုံးဦး ဒဏ်ရာရခဲ့ကြောင်း ထိုင်းက ပြောကြားခဲ့သည်။
ယခုနှစ်နွေရာသီက ထိုင်းနှင့် ကမ္ဘောဒီးယားကြား ငါးရက်ကြာတိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး နှစ်နိုင်ငံစလုံးတွင် လူပေါင်း ၄၃ ဦး သေဆုံးခဲ့ကာ လူ ၃၀၀၀၀၀ ခန့် ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်ခဲ့ရပြီးနောက် အမေရိကန် သမ္မတဒေါ်နယ်ထရန့်၏ ထောက်ခံမှုဖြင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရရှိခဲ့သည်။