နူးကမ့်ကွင်းအပြင်ဘက်တွင် မက်ဆီရုပ်ထု ထုလုပ်ဂုဏ်ပြုလာမယ့် ဘာစီလိုနာ
=====================
ဘာစီလိုနာဥက္ကဌဂျိုဟန်လာပေါ်တာက နူးကမ့်ကွင်း အပြင်ဘက်တွင် လီယွန်နယ်မက်ဆီရဲ့ရုပ်ထုအား ထုလုပ် ဂုဏ်ပြုသွားမယ်လို့ အတည်ပြု ပြောကြားလာပါတယ်။
နူးကမ့်ကွင်းကို လက်ရှိအချိန်တွင် ပြန်လည်ပြင်ဆင်တည်ဆောက်နေပြီး နိုင်ငံတကာပွဲစဉ်များအပြီးတွင် လာလီဂါပွဲများ လက်ခံကျင်းပလာတော့မယ်လို့ ယူဆရပါတယ်။
ဘာစီလိုနာဟာ နူးကမ့်ကွင်းအား တည်ဆောက်ရေး လုံးဝ ပြီးပြတ်သွားချိန်တွင် ကလပ်ရဲ့ ဂန္ထဝင်ကစားသမားကို ရုပ်ထု ထုလုပ်ဂုဏ်ပြုရေး အာရုံစိုက်လာမှာလည်း ဖြစ်ပါတယ်။
လာပေါ်တာရဲ့ ပြောကြားမှုအရ ရုပ်ထုဒီဇိုင်းနှင့်ပတ်သက်ပြီး လီယွန်နယ်မက်ဆီရဲ့ မိသားစုဝင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။
မက်ဆီဟာ ဘာစီလိုနာတွင် ကစားတဲ့ ၂၁ နှစ်အတွင်းတွင် ၇၇၈ ပွဲကစားခဲ့ရာမှာ ၆၇၂ ဂိုးသွင်းယူခဲ့ပြီး ကလပ်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူသူအဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။
သူဟာ ဘာစီလိုနာတွင် ကစားစဉ်အတွင်း ဆုဖလား ၃၅ လုံး ဆွတ်ခူးခဲ့သလို Ballon d'Or ၇ ကြိမ်လည်း ဆွတ်ခူးခဲ့ပါတယ်။
လာပေါ်တာက "ကျွန်တော်တို့အားလုံး Spotify Camp Nou မှာ လီယိုမက်ဆီရဲ့ ရုပ်ထု ရှိစေချင်တယ်။ ဒီအတွက်လည်း လုပ်နေတယ်။ တကယ်လို့ မိသားစုဘက်က အလိုရှိရင် ဒီဇိုင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားမယ်"လို့ ပြောကြားသွားပါတယ်။