ချန်ပီယံရှစ်တစ်လတာအကောင်းဆုံးနည်းပြဆုကို ကိုဗင်ထရီနည်းပြဖရန့်လမ်းပတ်ဆွတ်ခူးလာ
===================
ကိုဗင်ထရီနည်းပြဖရန့်လမ်းပတ်ဟာ အသင်းကို ချန်ပီယံရှစ်အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နိုင်အောင် စွမ်းဆောင်နိုင်ပြီးနောက် အောက်တိုဘာလအတွက် ချန်ပီယံရှစ်တစ်လတာအကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးလာပါတယ်။
ဖရန့်လမ်းပတ်ဦးဆောင်တဲ့ ကိုဗင်ထရီဟာ ပြီးခဲ့တဲ့လတုန်းက ၆ ပွဲကစားခဲ့ရာတွင် နိုင်ပွဲ ၅ ပွဲရရှိကာ ရမှတ် ၁၅ မှတ် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ၁၈ ဂိုးသွင်းနိုင်ခဲ့ပါတယ်။
ကိုဗင်ထရီဟာ နိုဝင်ဘာလအစပိုင်းတွင် ၂ ပွဲဆက် နိုင်ပွဲ ရရှိကာ ချန်ပီယံရှစ်အမှတ်ပေးဇယားအား ၅ မှတ်ဖြတ်ကာ ဦးဆောင်ထားနိုင်ပါတယ်။
ကိုဗင်ထရီအတွက် နောက်ထပ် အောင်ပွဲခံစရာတစ်ခုကတော့ အောက်တိုဘာလအတွက် ချန်ပီယံရှစ်တစ်လတာအကောင်းဆုံးကစားသမားဆုကိုလည်း တိုက်စစ်မှူးဘရန်ဒွန်သောမတ်စ်အေဆန်တီ ဆွတ်ခူးသွားခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၆ နှစ်ရှိ တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့လတုန်းက ၆ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး လက်ရှိအချိန်တွင် ၁၀ ဂိုးဖြင့် ချန်ပီယံရှစ်ဂိုးသွင်းဘုရင်အဖြစ် ပူးတွဲ ရပ်တည်နေပါတယ်။
ကိုဗင်ထရီဟာ နိုင်ငံတကာပွဲစဉ်များအပြီး နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ဝက်စ်ဘရွန်းနှင့် ရင်ဆိုင်ရကာ ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်သို့ တန်းတက်ရေး ဆက်လက် တိုက်ပွဲဝင်ရပါမယ်။